ရခိုင်ပြည်နယ်နဲ့ မူးယစ်ဆေးလမ်းကြောင်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသမှာ ဒီနှစ်ပိုင်းတွေအတွင်း မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိနေပါတယ်။ နိုင်ငံအရှေ့ပိုင်းကထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နိုင်ငံ အနောက်ပိုင်းမှာ အမြောက်အမြား ဖမ်းမိနေတာကြောင့် အဆင့်ဆင့်ဖြတ်သန်းလာတဲ့ လမ်းကြောင်းပေါ်က တရားဥပဒေစိုးမိုးမှုကို ဒီထက် စနစ်တကျ တင်းကြပ်ပေးဖို့ ပြည်နယ်အတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုနေကြပါတယ်။
-
2018-10-22 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသမှာ ဒီနှစ်ပိုင်းတွေအတွင်း မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိနေပါတယ်။ နိုင်ငံအရှေ့ပိုင်းကထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နိုင်ငံ အနောက်ပိုင်းမှာ အမြောက်အမြား ဖမ်းမိနေတာကြောင့် အဆင့်ဆင့်ဖြတ်သန်းလာတဲ့ လမ်းကြောင်းပေါ်က တရားဥပဒေစိုးမိုးမှုကို ဒီထက် စနစ်တကျ တင်းကြပ်ပေးဖို့ ပြည်နယ်အတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုနေကြပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
~~~~~~~~~~~
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးပြား ၂ သန်း ၉ သိန်းနီးပါးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီး လိုက်ပါတယ်။ ဘူးသီးတောင် မြို့မရပ်ကွက်ကနေ ရွာမကျေးရွာဘက်ကိုသွားတဲ့ ကားလမ်းမဘေးမှာ မီးသွေး အိတ် ၅ဝ ကျော်တင်ပြီး ရပ်ထားတဲ့ကားတစ်စီးကို မသင်္ကာတဲ့အတွက် စစ်ဆေးရာမှာ မီးသွေးအိတ်တွေထဲမှာ ဝှက်ထားတဲ့ WY စိတ်ကြွဆေးပြားပေါင်း ၁ သန်း ၉ သိန်းကျော်ကို အရင် သိမ်းဆည်းရမိခဲ့တာပါ။ ကားဒရိုင်ဘာဖြစ်သူ မူဟာမတ်ဟာရော ကို ဆက်လက်စစ်ဆေးချက်အရ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ မာမတ်အီစ္စလာမ်ရဲ့နေအိမ်အောက်က မီးသွေးအိတ်တွေထဲကနေ နောက်ထပ် WY စိတ်ကြွဆေးပြား ၉ သိန်း ၇ သောင်းကျော်ကို ထပ်မံသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။ မနေ့က သိမ်းဆည်းရမိတဲ့ WY စိတ်ကြွဆေးပြားတွေရဲ့ကာလတန်ဖိုးဟာ ငွေကျပ်သန်းပေါင်း ၅၇ဝဝ ကျော်တန်ဖိုးရှိပြီး ဒရိုင်ဘာဖြစ်တဲ့ မူဟာမတ် ဟာရောနဲ့ သိမ်းဆည်းရမိခဲ့တဲ့ အိမ်ပိုင်ရှင် မာမတ်အီစ္စလာမ် တို့ကို ရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဖမ်းမိတဲ့အမှုတွေ တိုးလာသလို မူးယစ်ဆေးသုံးစွဲသူ အရေအတွက်လည်း များလာတယ်လို့ ဘူးသီးတောင်မြို့နယ် ANP ပါတီအမတ် ဦးထွန်းအောင်သိန်း က ပြောပါ တယ်။
“ဒါနဲ့ပတ်သက်ပြီး စိုးရိမ်နိုင်တဲ့အခြေအနေရောက်နေတယ်။ လေး ငါးနှစ်အတွင်းမှာပဲ ပိုများလာတယ်။ ကျောင်းသားတွေ အရေးယူခံနေရတယ်။ ရပ်ကွက်ထဲမှာ သုံးစွဲနေကြတဲ့ သတင်းတွေလည်း ကြားရတယ်။ ဖမ်းမိလို့ အမှုတင်ထားတာတွေ ကြားရတဲ့အခါ တခါခါမှာ သက်ဆိုင်ရာဝန်ထမ်းတွေလည်း ပါတယ်လို့ သိရတယ်။ အများအား ဖြင့် ဖမ်းမိတာတွေက ပိုင်ဆိုင်သူမဲ့တွေဖြစ်နေပြီး မိတဲ့သူအများစုကလည်း ဘင်္ဂါလီတွေဖြစ်ပါတယ်”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကာလတန်ဖိုးငွေကျပ် ၅၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၁၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ၂ဝ၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။၂ဝ၁၆ ဇန်နဝါရီလကနေ ဒီဇင်ဘာလအတွင်း WY စိတ်ကြွမူးယစ်ဆေးပြား ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၈၈ မှု ရှိခဲ့ပြီး တရားခံ ၁၄၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပင် စိုက်ပျိုးထုတ်လုပ်တာမရှိဘဲ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ေဒေသတွေကနေတဆင့် ရခိုင်ပြည်နယ်ကို ရောက်ရှိလာကြတာဖြစ်ပြီး စစ်တွေမြို့မှာဆိုရင် မူးယစ်ဆေးဝါးရောင်းချသူတွေဟာ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ၂ဝ၁၇ ခုနှစ်အတွင်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ရခိုင်ပြည်နယ်ကနေတစ်ဆင့် တဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို တင်ပို့တာဖြစ်ပြီး ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေမှာ မူးယစ်ဆေးဝါးပမာဏအများအပြားကို မကြာခဏ ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။
နိုင်ငံရဲ့အရှေ့ပိုင်းမှာ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးဟာ နိုင်ငံအနောက်ပိုင်းအထိ လွတ်လွတ်ကျွတ်ကျွတ် ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်ဘက် မထွက်ခင်မှာမှ ဖမ်းမိတဲ့အပေါ် မေးခွန်းထုတ်ချင်တယ်လို့ ပြောလာသူကတော့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သိန်းစိန် ဖြစ်ပါတယ်။
“ဂိတ်တွေအများကြီး ဖြတ်လာပြီးမှ ကျနော်တို့ဆီကို ရောက်လာတယ်ဆိုကတည်းက ဂိတ်တွေမှာ စစ်ဆေးတာတွေ အားနည်းတာပေါ့။ သယ်လာတဲ့အခါ လမ်းခုလတ်မှာ ဘာမှပြဿနာမရှိဘဲ ဘူးသီးတောင်တို့ မောင်တောတို့ ရောက်မှ ဖမ်းမိတယ်ဆိုကလည်း စဉ်းစားစရာတစ်ခု ဖြစ်နေပါတယ်။ လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေက သေသေချာချာ ထိထိမိမိလေး လုပ်ဆောင်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အများကြီးလစ်ဟာနေတဲ့ သဘော ဖြစ်နေပါတယ်။ ကျနော်တို့ကြားရသလောက်၊ သိရသလောက်၊ သတင်းတွေမှာဖတ်ရသလောက် အဲဒီမူးယစ်ဆေးတွေက ဘင်္ဂလားဒေ့ရှ်ကိုသွားတာလည်းရှိတယ်။ ဒီရခိုင်ပြည်နယ်အတွင်းမှာပဲ ကလေးလူငယ်တွေကို ပျက်စီးအောင် လုပ်နေတာတွေလည်းရှိပါတယ်။ ဒါကအင်မတန်အရေးကြီးတဲ့ တစ်နိုင်ငံလုံးနဲ့ တမျိုးသားလုံးကို ပျက်စီးစေနိုင်တဲ့အလုပ်။ ဒါမျိုးက ဘယ်ကလာလာ၊ ဘယ်နိုင်ငံကိုပဲသွားသွား သေသေချာချာ တိတိကျကျတော့ အကောင်အထည်ဖော်ဖို့လိုပါတယ်”
ဘူးသီးတောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကလည်း ဦးမောင်သိန်းစိန်လို မူးယစ်ဆေးဝါးနှိမ်နင်းရေး အဆင့်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို စတင်ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုခဲ့ပါသေးတယ်။
“ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက မလိုလားတဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ အဲဒီမူးယစ်ဆေးဝါးလာတဲ့လမ်းတွေကို ပိတ်ဆို့တားမြစ်ဖို့အတွက် တရားဥပဒေစိုးမိုးအောင်လုပ်ပေးနိုင်ဖို့ ကျနော့်အနေနဲ့ တောင်းဆိုပါတယ်ခင်ဗျ"
အဲဒီမူးယစ်ဆေးဝါးတွေဟာ နိုင်ငံတွင်းသာမက ကမ္ဘာ့နိုင်ငံတွေအထိပါပျံ့နှံ့နေတာပါ။ သြစတြေးလျနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းကတင်ပို့တဲ့ အိုက်စ် (ICE) ခေါ် မက်သာဖက်ဒမင်း ဆေးပြားတွေကို အရင်ကထက် ပိုအသုံးများလာတယ်လို့ ဒီကနေ့ထုတ် နိုင်ငံတကာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ သြစတြေးလျနိုင်ငံကို အရင်က (ICE) ဆေးပြားတွေ အများဆုံးတင်သွင်းခဲ့တာ တင်သွင်းနေကျ တရုတ်နိုင်ငံဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေတင်းကြပ်ပြီး ထိန်းချုပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံက တင်သွင်းခဲ့တဲ့ပစ္စည်းတွေရဲ့နေရာမှာ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အရင်ထက်ပိုပြီး အစားထိုး တင်သွင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။