ရခိုင်ဒေသမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော် ရှိပြီ
2020.04.02
ရခိုင်ပြည်နယ်မြောက်ပိုင်း ၁၀ မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနှစ်ထောင်ကျော်ရှိ လာနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က မတ်လ ၃၁ ရက်နေ့က စာရင်းထုတ်ပြန် ပါတယ်။
မတ်လတစ်လအတွင်း ကျောက်တော်မြို့နယ်မှာ ဒုက္ခသည် တစ်သောင်းကျော်တိုးလာပြီး ဖေဖော်ဝါရီလ လူဦးရေထက် သုံးသောင်းကျော် တိုးလာတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောပါတယ်။
"ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တစ်သိန်းနှစ်သောင်းရှစ်ထောင် အခုမတ်လမှာ တစ်သိန်း ခြောက်သောင်းနီးပါးဆိုတော့ သုံးသောင်းလောက်တိုးသွားတယ်၊ တိုးတာက ကျောက်တော်မြို့မှာ အများဆုံးပါပဲ၊ မင်းပြားနဲ့ ရသေ့တောင်မှာ လည်း တိုးတယ်။ ကျောက်တော်က လူဦးရေ သောင်းနဲ့ချီပြီး တိုးတယ်။"
ကျောက်တော်မြို့ပေါ်မှာ တစ်သောင်းကျော်တိုးလာတာဖြစ်ပြီး ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေ နဲ့ဆိုရင် ဒုက္ခသည် နှစ်သောင်းကျော်ရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။
"မြို့ပေါ်ကိုဝင်တဲ့ဒုက္ခသည်တွေက တစ်သောင်းနီးပါးဖြစ်နေပြီ ကျေးရွာတွေကို သွားတဲ့သူတွေနဲ့ဆို နှစ်သောင်း ကျော်တောင်ရှိမယ်။ နေတာက ကျောက်တော်မြို့ပေါ်က နေပူခံ ဒုက္ခသည်စခန်း၊ မူလတန်းကျောင်း၊ မြို့တော် ခန်းမ၊ ကံကြီးရှင်ဘုရား၊ ကျောင်းတွေမှာ အကုန်လုံးထားလိုက်တယ်။"
ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာ NGO အဖွဲ့တွေရဲ့ထောက်ပံ့မှုတွေကလည်း နှောင့်နှေး တာတွေရှိနေတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့ပေးဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကို ကမ်းလှမ်းထားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။
"သက်ဆိုင်ရာ NGO INGO တွေ ICRC နဲ့ WFP တွေကို ဒီမြို့ဒီနယ်တွေမှာတိုးတယ်၊ ဒါကို ခင်ဗျားတို့ကူညီနိုင်တဲ့ အခြေအနေရှိရင် ကူညီပေးပါဆိုပြီး တင်ပြထားတာရှိတယ်။"
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေအပြင် အဝတ်အထည်၊ ဆေးဝါးနဲ့ ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒုက္ခသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်ရေးပစ္စည်းတွေနဲ့ ကာကွယ်ရေးနည်းလမ်းတွေ ပြောပြပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မင်းပြားမြို့နယ် ပရဟိတအဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။
"ဒုက္ခသည်တွေ အရေးတကြီးလိုအပ်နေတာက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် နည်းပညာ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေတယ်။ ကယ်ဆယ်ရေးစခန်းတွေကို လူမှုအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေ လာပြီးပြောပြ ကူညီပေးတာလဲမရှိဘူး။ ထောက်ပံ့ပေးတာလည်း မရှိသေးဘူး"
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားပြီး အမ်းမြို့နယ် မှာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က စပြီး ဖုန်းလိုင်းတွေပါ မရတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူးနဲ့ မိုင်တဲလ်ဖုန်းတွေ အားလုံး ဆက်သွယ်လို့ မရတော့တာဖြစ်ပြီး CDMA ကမ်းရိုးတန်းဖုန်းတွေနဲ့ ဆက်သွယ်နေရတယ်လို့ ဆိုပါတယ်။
ကျောက်တော်၊ မင်းပြားမြို့နယ်တွေမှာ ဒီရက်ပိုင်းတွေအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံရတာတွေပါ ရှိနေတဲ့အတွက် ဒေသခံတွေ နီးစပ်ရာနေရာတွေကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။