နယ်မြေသစ်တွေချဲ့ထွင်လာတဲ့ ကချင်က မြေရှားသတ္တုတူးဖော်မှု

တရုတ်ရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ မြေရှားသတ္တုတွေကို စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းနှစ်ကာလတွေအတွင်း ကချင်ပြည်နယ်မှာ ပိုပြီးတူးဖော်ထုတ်လုပ်လာနေပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

တရုတ်ရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ မြေရှားသတ္တုတွေကို စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းနှစ်ကာလတွေအတွင်း ကချင်ပြည်နယ်မှာ ပိုပြီးတူးဖော်ထုတ်လုပ်လာနေပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်ကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်း တစ်ထောင့်လေးရာကျော်ဖိုးရှိခဲ့တယ်လို့ တရုတ် အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။ ၂၀၂၂ ခုနှစ်ကတော့ အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော်ဖိုးရှိခဲ့တဲ့အတွက် ထုတ်လုပ်မှု နှစ်ဆကျော်တိုးသွားတာ တွေ့ရပါတယ်။

"ပန်ဝါမြို့ ပတ်လည်မှာကတော့ ကုန်သလောက်ရှိသွားပြီ"

ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေအုပ်ချုပ်တဲ့ ချီဖွေ၊ ပန်ဝါနဲ့ ချန်းမော်ခုန်း ဒေသတွေမှာ အဓိက တူးဖော်ကြသလို၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့ နားက အင်ခေါင်းပါ (N Hkawng Pa) စစ်ဘေးဒုက္ခသည်စခန်းနားတွေနဲ့ ချီဖွေမြို့နယ် ဖရဲရွာတွေမှာ တူးဖော်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ချီဖွေမြို့နယ် ဖရဲရွာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလကမှ စပြီး မြေရှားသတ္တုတူးဖော်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဖရဲနေရာမှာ တူးတယ်ပြီးနောက် လဂွေ၊ ချန်းမော်ခုန်း၊ ဖီမော်၊ ပန်ဝါမှာ အဓိကများတယ်။ အခု ပိုများလာတယ်။ အခု ဖရဲဒေသမှာလည်း ဆိုက်သစ်က ၅ ခုလောက် ပျိုးထားပြီ။ အခုနောက်မှာလည်း ပိုများလာဦးမယ်။ ကျွန်နော်တို့ ပြည်သူလူထုအတွက်တွေတော့ စိုးရိမ်မှုတွေတော့ အများကြီးရှိတယ်။ ကျွန်တော်တို့ ဖရဲပြည်သူလူထုတွေက ဒီမြေရှားသတ္တုကို အမြဲတမ်းမလုပ်ဖို့ ကန့်ကွက်ချင်တာ။ ကန့်ကွက်ချင်တဲ့လူလည်းများတယ်"

သတ္တုတူးဖော်တဲ့အတွက် ဘိုးဘွားပိုင်မြေနေရာတွေလည်း ဆုံးရှုံးနေသလို၊ သတ္တုတူးတဲ့အလုပ်မှာသုံးတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပျက်စီးပြီး သောက်သုံးရေလည်း ခက်ခဲလာပြီလို့ ပြောပါတယ်။ ဖရဲရွာမှာ လူဦးရေ တစ်ထောင်ကျော်ရှိပြီး KIA ရဲ့ ခွင့်ပြုချက်နဲ့ မြေရှားသတ္တုတူးနေတာလို့ ပြောပါတယ်။

ပန်ဝါဒေသတစ်ဝိုက်မှာတော့ တူးတာကုန်သလောက်ဖြစ်သွားပြီး၊ ချီဖွေမြို့နားမှာ တူးဖော်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“မြေရှားကတော့ အခုထိလည်း တူးဖော်ဆဲပေါ့။ ဒါပေမဲ့ ပန်ဝါမြို့ ပတ်လည်မှာကတော့ ကုန်သလောက်ရှိသွားပြီ။ အခုတူးတဲ့နေရာတွေက ပန်ဝါနဲ့ ဝေးသွားပြီ။ အခုက ပန်ဝါကနေ ပြန်ဆင်းလာတဲ့ ချီဖွေဘက် နီးသွားပြီ။ ပန်ဝါတစ်ဝိုက်တော့ တော်တော်ပျက်စီးသွားပြီ။ ပန်ဝါက မြို့မြေပုံကို ကုန်းပေါ်ကကြည့်ရင် ပွေးဖြစ်နေတဲ့ တင်ပါးလိုဖြစ်နေပြီ။ စိုက်ပျိုးစားသောက်လို့လည်း အရင်ကလို အဆင်မပြေတော့ဘူး။ စိုက်ပျိုးစားသောက်ဖို့အတွက် လယ်မြေကိုက မရှိတော့တာ”

ပန်ဝါနားကရွာတွေဖြစ်တဲ့ ချန်းယင်းကူး၊ လုပိ၊ ပန်ဝါ၊ ဘန်ဗူး၊ချဇန် စတဲ့ရွာတွေနားတစ်ဝိုက်မှာ မြေရှားသတ္တုတူးနေလို့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေပြီလို့ ပြောပါတယ်။

သတ္တုတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ မြေတွေဆုံးရှုံးနေရပြီး မွေးမြူရေးလည်း လုပ်လို့မရတော့ဘူးလို့ အမည်မဖော်လိုတဲ့ ဖရဲရွာသားတစ်ယောက်က ပြောပါတယ်။

“ပြည်သူလူထုက သတ္တုတူးတဲ့နေရာမှာ သွားတောင်မှ သွားကြည့်လို့မရဘူး။ အဲလို ဖြစ်နေတာ။ အလုပ်တောင်မှ မခေါ် တော့ဘူး ဒေသခံတွေကို။ အခုက စည်းကမ်းကို မလိုက်နာတာ။ ရွာသားတွေကို ဂရုကိုမစိုက်တာ။ အခုမြေယာတွေ မြေကွက်တွေကို သွားပြောလို့လည်းမရဘူး ငါတို့ တူးချင်ရင်တူးမယ်ဆိုပြီး မြေကွက်တွေကို အကုန်လုံး ဘိုဒိုဇာနဲ့တူး အဲလိုဖြစ်နေပြီ။ ပြည်သူတွေရဲ့ လယ်ယာစိုက်ခင်းတွေမှာ အဲလိုမျိုးတွေမှာ လိုက်တူးနေတာ။ အစကတောင် နွားတွေတောင်မွေးနိုင်သေးတယ် အခုက နွားတွေနေဖို့တောင်မှ နေရာမရှိတော့”

မြေရှားသတ္တုတူးတဲ့နေရာတွေမှာ အလုပ်သမားခေါင်းဆောင်တွေက တရုတ်တွေဖြစ်ပြီး အထွေထွေ အလုပ်သမားတွေကတော့ မြန်မာနိုင်ငံအနှံ့က အရပ်သားတွေ လာလုပ်ကြတာလို့ ပြောပါတယ်။ အခုလက်ရှိ ဖရဲ၊ လဂွေ၊ ဆော်လန်ရွာတွေမှာ ချဲ့ထွင်တူးနေပြီး ခေါယုံ၊ ရှီးကျန်၊ ချစ်ဂေါ့၊ ထွမ်းရှိန်ရွာတွေမှာ တူးဖို့ စမ်းသပ်ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။

မြေရှားသတ္တုတူးဖော်တဲ့အခါ Oxalic acid နဲ့ Ammonium bi-carbonate လို အားပြင်းအက်ဆစ် ငါးမျိုးလောက်ကို သတ္တုရှိနိုင်မယ့် တောင်သားနဲ့ မြေသားတွေထဲ ထိုးသွင်းပြီး ရှာဖွေတူးဖော်ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုတွေ ပိုပြီးတိုးချဲ့ထုတ်လုပ်လာတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် မရခဲ့ပါဘူး။

အရင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကတော့ သူတို့ အစိုးရအနေဲ့ မြေရှားသတ္တု တူးဖော်တာကို တရားဝင် ခွင့်ပြုထားတာ တစ်ခုမရှိသလို တရုတ်ကို တင်ပို့တာတွေလည်း တရားမဝင်ဘူးလို့ ၂၀၂၃ ဩဂုတ်လက RFA ကို ပြောဆိုထားပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မြေရှားသတ္တုတူးဖော်မှုကို စမ်းသပ်တဲ့ အနေနဲ့ပဲ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကြီးကြီးမားမားပေါ့နော် ကုမ္ပဏီအဆင့်ထိ လုပ်တာတော့ မရှိဘူး။ ကျွန်‌နော်တို့ စမ်းသပ်တဲ့အနေနဲ့ တူးဖော်နေတာတော့ရှိပါတယ်။ ကျွန်တော်တို့ အမှန်တကယ် တူးဖော်မယ်ဆိုလို့ ရှိရင်တော့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို မထိခိုက်အောင်ပေါ့နော့်။ ဒါက ကျွန်တော်တို့ မူသေချာချာ ချမှတ်ပြီးလုပ်မှာဖြစ်ပါတယ်။ အခုစမ်းသပ်တဲ့အချိန်မှာလည်း လူထုရဲ့ ကျန်းမာရေးကို မထိခိုက်အောင် ဥပမာပြောမယ်ဆိုရင်တော့ သောက်ရေသုံးရေက အစပေါ့နော် သဘာဝပျက်စီးမှုတွေ မဖြစ်အောင် ပြည်သူလူထုနဲ့ ပူးပေါင်းပြီးမှ စည်းကမ်းတွေ ချမှတ်ပြီးမှ ကျွန်တော်တို့ လုပ်တာဖြစ်ပါတယ်”

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တစ်ယောက်ကတော့ မြေရှားသတ္တုတူးတာကို လုံးဝရပ်ဆိုင်းလို့မရရင်တောင် ဒေသခံတွေအတွက် ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“တကယ်တမ်းကျတော့ ဒီမြေရှားတူးတဲ့ဟာကြတော့ ရပ်လိုက်ရင်တော့ ပိုကောင်းတာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးက ချက်ချင်းမဟုတ်ရင်တောင်မှ တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်သာမက ဒီလူမှုဘဝတွေတောင်မှ ထိခိုက်တဲ့အခြေအနေတွေဖြစ်လာတဲ့ဟာတွေ တွေ့ရှိရတာပေါ့နော်။ နောက်တစ်ခုကျတော့ မလုပ်မနေရအနေအထားမှာ လုပ်တဲ့အခါကျတော့ သူရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းလည်းကောင်းကောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်းနည်းအောင် လျော့နိုင်သမျှလျော့အောင် စနစ်ကျကျ လုပ်ရင်တော့ကောင်းမယ်လို့ ယူဆတာပေါ့နော်”

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ မှာ ကမ္ဘာကို မြေရှားတင်ပို့တဲ့ နိုင်ငံတွေမှာ တရုတ်က တန်ချိန် နှစ်သိန်းတစ်သောင်းနဲ့ အများဆုံးဖြစ်ပြီး မြန်မာက တန်ချိန် တစ်သောင်းနှစ်ထောင် တင်ပို့ခဲ့တယ်လို့ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org