၂ဝ၁၈ခုနှစ် မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့၂ဝ၁၈ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာပါ မြန်မာနိုင်ငံက ဘာသာရေးအခြေအနေများ အကျဉ်းကို တင်ပြထားပါတယ်။

ရာမဇန် ဥပုသ်လအတွင်း ဘုရားရှိခိုးကျာင်းတခုမှာ ဝတ်ပြုနေသော အစ္စလာမ်ဘာသာဝင်များ။ Photo: AFP

အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ  ၂ဝ၁၈ ခုနှစ် ဇူလိုင်လ သန်းခေါင်စာရင်းအရ လူဦးရေ ၅၅.၆ သန်းရှိတဲ့အနက် ထေရဝါဒ ဗုဒ္ဓဘာသာဝင်က ၈၈ ရာခိုင်နှုန်း၊ ခရစ်ယာန်(အများစု၊ ဘက်တစ်၊နဲ့ ရိုမန်ကက်သလစ်) က ၆ ရာခိုင်နှုန်း၊ မွတ်စလင် အထူးသဖြင့် ဆွန်နီက ၄ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့ဥပဒေမှာ ဘာသာရေးနဲ့ ပတ်သက်သူအားလုံး နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ထားသလို ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ဘာသာရေးနဲ့ ပတ်သက်သူတွေကို မဲပေးခွင့်မရှိလို့ သတ်မှတ်ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဘာသာဆိုတာကို ဖော်ပြထားတာမရှိပေမယ့် ဗုဒ္ဓဘာသာဟာ နိုင်ငံသားလူများစု ကိုးကွယ်ယုံကြည်တဲ့ ဘာသာအဖြစ် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်တယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ရခိုင်ပြည်နယ်က ကျန်ရှိ မွတ်စလင်တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့် မရသလို ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးဆိုင်ရာ ချုပ်ချယ်ကန့်သတ်မှုတွေကို ဆိုးဝါးစွာ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အလားတူ ဘာသာရေးအပါအဝင်၊ ပုဂ္ဂိုလ်ရေး စော်ကားမှု၊ အသရေဖျက်မှုများကို ဥပဒေဖြင့် တားမြစ်ထားပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ဒီဥပဒေကိုသုံးပြီး အရေးယူတာတွေ ပြုလုပ်တာကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ကန့်သတ်လိုက်သလိုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်တည်း ၂ဝ၁၇ခုနှစ် အတွင်း ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံက ထွက်ခွာ သွားအောင်ဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်း မြန်မာပြည်ကနေ အိမ်နီးချင်း ဘင်္ဂလာဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စီစဉ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာနိုင်ငံက အခြေအနေများ နောက်ဆုံးအစီရင်ခံစာကို ၂ဝ၁၇ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာအပေါ် မြန်မာအစိုးရက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ တပ်မတော် အရာရှိတချို့ကိုယ်တိုင်က မွတ်စလင်တွေအပေါ် ဆန့်ကျင်တဲ့ စကားတွေ အမုန်းတရားပွားများစေတဲ့ ရေးသားပြောဆိုမှုတွေကို အစည်းအဝေးတွေ လူမှုမီဒီယာတွေကနေ ပြုလုပ်နေပြီး၊  ပြီးခဲ့တဲ့ နိုဝင်ဘာလကဆိုရင် သာသနာရေးဝန်ကြီးကိုယ်တိုင်က မွတ်စလင်တွေကို နှိမ့်ချခေါ်ဝေါ်ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပုံစံမျိုးနဲ့ အလားတူ မြန်မာစစ်တပ်က ကချင်ဒေသက ခရစ်ယာန်တွေ အပေါ်မှာလည်း ဆောင်ရွက်ခဲ့တယ်လို့ NGO တွေက ပြောဆိုပါတယ်။ အလားတူ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေမှာ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေ အဖျက်ဆီးခံရခြင်း၊ သင်းအုပ်ဆရာများ ဖမ်းဆီးခံရခြင်း၊ ဘုရားဝတ်ပြုတာတွေ အနှောင့်ယှက်ခံရခြင်းတွေဖြစ်ခဲ့တယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

( RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org