ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားဈေးမြင့်လာပြီး စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေတယ်လို့ ကာယကံရှင်တွေနဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောကြပါတယ်။
-
RFA Burmese
2024-11-11 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေတယ်လို့ ကာယကံရှင်တွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောကြပါတယ်။
တောင်ကြီး၊ အေးသာယာ၊ ညောင်ရွှေ၊ အောင်ပန်း ၊ ရွှေညောင်နဲ့ ဟဲဟိုးတို့မှာ စျေးတွေတက်လာတာဖြစ်ပြီး တောင်ကြီးကတော့ စျေးအကြီးဆုံးဖြစ်နေတာလို့ ဟဲဟိုးကနေ တောင်ကြီးကို ရွှေ့ဖို့ကြိုးစားနေတဲ့ မမော်လေး (အမည်လွှဲ) က RFA ကို ပြောပါတယ်။
"အရင်တုန်းကဆို ဟဲဟိုးမှာ အိမ်ငှားသိပ်မရှိဘူးလေနော်။ အရင်တုန်းကဆိုရင် တစ်သိန်းခွဲ၊ နှစ်သိန်းဆို ရတာက အခုက နှစ်သိန်းခွဲ၊ သုံးသိန်းလောက်ထိ တက်သွားတာပေါ့။ သူက (ဟဲဟိုး) နှစ်ဆလောက် တက်ပေမဲ့ တောင်ကြီးက သုံးဆလောက်တက်တာ။ အရင်က နှစ်သိန်းဆို လုံးချင်းရတာက အခု ခြောက်သိန်း၊ ရှစ်သိန်း၊ ဆယ်သိန်း အဲဒီလို ဖြစ်သွားတယ်။ တောင်ကြီးက အဆမတန် တက်တာ။ သူဌေးတွေအတွက် မသိသာပေမဲ့ မရှိမဲ့ရှိမဲ့ ခြစ်ခြုတ်ပြီးပြောင်းလာရတဲ့သူကျ အရမ်းဒုက္ခရောက်ရတာလေ"
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရှမ်းပြည်နယ်တောင်ပိုင်းကို အများအပြား ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ အခုလို စျေးမြင့်တက်လာတာလို့ ပြောပါတယ်။
တောင်ကြီးမြို့မှာ ရှမ်းပိဋကတ်ကျောင်း၊ ရှမ်းစာပေယဉ်ကျေးမှုရုံး၊ ဝေဠုဝန်ကျောင်းတိုက်နဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့ရုံးခန်းမမှာဖွင့်ထားတဲ့ စခန်းတွေမှာ စစ်ဘေးရှောင်တဲ့လူတွေရှိပေမဲ့ နေရာမလုံလောက်တဲ့အတွက် ရပ်ကွက်တွေထဲ ရွှေ့ပြောင်းပြီး အိမ်ငှားနေထိုင်ကြတာလည်း ရှိနေတာပါ။
အခုနှစ် ဇွန်လကနေစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါနဲ့ နောင်ချိုဘက်ကနေ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ငှားရမ်းနေထိုင်နေကြတာ ဖြစ်ပါတယ်။
စစ်ပွဲကြာလာတာနဲ့အမျှ အလုပ်အကိုင်မရှိဖြစ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင်ရေးခက်ခဲလာတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"နေရာသစ်မှ ာငှားလိုက်ရတယ်ဆိုပေမဲ့လည်း လူဦးရေ ထူထပ်ပြီး အလုပ်အကိုင်က ရှားပါးလာတော့ အလုပ်အကိုင်မရှိဘဲနဲ့ နေရင်းနေရင်းနဲ့ အဲဒီလိုမျိုးလူတွေက ပိုပြီးတော့ ဒုက္ခရောက်ကြတာပေါ့။ ထပ်ပြီးငှားဖို့အတွက် အဆင်မပြေမှုတွေ ဖြစ်တာပေါ့။ ပထမလာတုန်းကတော့ နှစ်သိန်းလောက်တန် ငှားနိုင်တဲ့လူက တဖြည်းဖြည်းနဲ့ အလုပ်အကိုင်ရှားပါးလာတဲ့ အချိန်ကျတော့ နောက်ဆုံးဗျာ လိုင်းခန်း၊ သွပ်မိုးသွပ်ကာလိုင်းခန်းမှာ သွားပြီးတော့ နေကြရတယ်။ အလုပ်မဖြစ်တာလည်း ကြာလာတော့ပေါ့"
အခန်းတန်းလျားပုံစံဆိုရင် အရင်က ငါးသောင်းအောက်ပဲ ပေးရပေမဲ့ လက်ရှိမှာတော့ တစ်သိန်းခွဲဝန်းကျင်အထိ ပေးနေရတာပါ။ အိမ်ငှားဖို့ ရှာဖွေတဲ့အခါမှာလည်း အရင်က ပွဲစားခကို အိမ်ရှင်က တစ်ဝက်ပေးရတာ ဖြစ်ပြီး အခုကတော့ အိမ်ရှင်တစ်ဝက် အိမ်ငှားတစ်ဝက် ပေးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကြီးမှာ နှစ်ရှည်ငှားရမ်းနေထိုင်ဖူးတဲ့လူတွေကို အိမ်ရှင်တွေက ဖယ်ခိုင်းပြီး စျေးမြှင့်ပြန်ငှားတာတွေရှိလို့ နယ်ခံတချို့လည်း အခက်တွေ့နေရတယ်လို့ ပြောကြပါတယ်။
"တစ်သိန်းခွဲတန်ကို လေးသိန်းတောင်းလို့ ငါးသိန်းတန်ကို ဆယ်သိန်းတောင်းလို့ ထွက်ပေးရတဲ့လူတွေက ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်"
အငှားစာချုပ် သုံးလပြည့်တာနဲ့ စျေးမြှင့်လိုက်တဲ့ အိမ်ရှင်တချို့ ရှိနေလို့ အိမ်ပြောင်းပေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အိမ်ကူရှာပေးရတာတွေ များနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက RFA ကို ပြောပါတယ်။
"သုံးသိန်း သုံးလချုပ်နဲ့ ငှားနေတယ်။ အခုကျ အိမ်ရှင်က ရှစ်သိန်းရမှ ငှားမယ်။ ရှစ်သိန်းမရရင် ထွက်ဆိုလို့ အခုအိမ်ကြိုရှာနေရပြီ။ ရှစ်သိန်းဆို ကျွန်မတို့ မတတ်နိုင်လို့ ထွက်ပေးရမယ်ဆိုပြီး။ အခုတစ်ရက်နှစ်ရက်မှာပဲ ရှာနေတယ်။ သူ့အတွက်လည်း ကျွန်မ ရှာပေးနေတယ်ပေါ့။ အဲဒီလိုပဲ တစ်သိန်းခွဲတန်ကို လေးသိန်းတောင်းလို့ ငါးသိန်းတန်ကို ဆယ်သိန်းတောင်းလို့ ထွက်ပေးရတဲ့လူတွေက ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်"
ဒါ့အပြင် တောင်ကြီးနဲ့ အေးသာယာမှာ အငှားစျေးတင် မဟုတ်ဘဲ အိမ်ခြံမြေ ရောင်းစျေးတွေပါ ထိုးတက်နေတာလို့ သူက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
မြို့တွေကို တော်လှန်ရေးတပ်တွေသိမ်းနိုင်ပေမဲ့ ပြည်သူတွေ အိမ်ပြန်ဖို့ခက်နေဆဲ
ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု တိုးလာ
ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲကြောင့် လူထောင်ချီထွက်ပြေးနေရ
"၁၀၂၇ စစ်ဆင်ရေး" တစ်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့က မြို့ပေါင်း ၃၈ မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသရင် ဆွေးနွေးသွားမယ်လို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်း (Mr. Li Qiang) နဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ကူမင်းမြို့မှာ တွေ့ဆုံချိန် ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။