မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရတဲ့ ချင်းပြည်နယ် ရိခေါဒါရ်မြို့
လူဦးရေ ငါးထောင်ကျော်ရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီးက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ လေးမှာ ပြီးခဲ့တဲ့မတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လူဦးရေ လေးထောင်ခန့် ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
- 2022-04-04
-
-
-
ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးက ရိခေါဒါရ်မြို့လေးမှာ တိုက်ပွဲ တွေ မဖြစ်ခင်က လူဦးရေ ၅၂၀၀ ကျော် နေထိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းကစလို့ စစ်ကောင်စီ တပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် လူဦးရေ လေးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီး အခုဆိုရင် မြို့ပေါ်မှာ လူဦးရေ တစ်ထောင် လောက်သာ အိမ်စောင့်သဘော မျိုး ကျန်ခဲ့တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဆိုရင် ရိခေါဒါရ်မြို့လေးမှာ လူဦးရေ တစ် ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့ ဒေသခံတစ်ဦး က RFA ကို ခန့်မှန်းပြောဆိုပါတယ်။
“အခုထိတော့ ဆက်ထွက်ပြေးနေကြတုန်းပဲ၊ ၉၉ ရာခိုင်နှုန်းလောက်ကတော့ ထွက်ပြေးသွားပြီ။ တစ် ရာခိုင်နှုန်း လောက်ပဲ ရွာထဲမှာရှိတယ်၊ လူတွေကတော့ ရွာထဲမှာ မရှိသလောက်ပါပဲ။ မြို့ထဲမှာ ကျန်ခဲ့တာမှာတောင် လုံးလုံး မပြေးတာမဟုတ်ဘဲနဲ့ အိမ်စောင့်တစ်ယောက်လောက် ထားတာ ပေါ့နော်၊ ဟိုဘက်မှာ ပို့လို့မရတဲ့ ပစ္စည်းတွေနဲ့ အိမ်ကို စောင့်တဲ့သူတွေပဲ ကျန်ရှိနေပါတယ်။”
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား ထွက်ပြေးသွားကြတာလို့ သူက ဆိုပါတယ်။
လူဦးရေ လေးထောင်အနက် နှစ်ထောင်လောက်က နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ကို ထွက်ပြေးသွားပေမဲ့ သူတစ်ပါးနိုင်ငံမှာ အိမ်ငှားနေထိုင်သူတွေရှိသလို အများစုကတော့ နယ်စပ်မျဥ်း တစ်လျှောက် က တောထဲမှာ ယာယီအမိုးအကာတွေနဲ့ ဖြစ်သလို ခိုလှုံနေရတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“အိန္ဒိယ-မြန်မာနယ်စပ်နားမှာပဲ နှစ်ထောင်နီးပါးလောက်က အိမ်မငှားနိုင်လို့ မိုးကာတဲဆောက်ပြီး ဖြစ် သလိုနေ ရတယ်။ စားဖို့ သောက်ဖို့ကတော့ ကိုယ့်ဟာကိုယ် စားသောက်နေရတယ်။ တိုက်ပွဲက ဆက်ဖြစ်လာခဲ့ရင် အဆင် မပြေလောက်ဘူး”
ဖလမ်းမြို့နယ်က ရိခေါဒါရ်မြို့လေးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်ကြားက နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက အချက်အချာကျတဲ့ မြို့လေးဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်မြို့လုံးနီးပါး နယ်စပ် ကုန်စည် ကူးသန်းရောင်း၀ယ်ရေးနဲ့ ကုန်တင်ကုန်ချအလုပ်ကိုပဲ လုပ်ကိုင်ကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒါပေမဲ့ မတ်လ ၅ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ မတ်လ ၂၆ ရက်နေ့မှာ ပိုပြင်းထန်လာပြီး ချင်း ပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိတဲ့ ရိခေါဒါရ် နယ်စပ်တံတားလို့ခေါ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ် တံတား အနီးက (CNDF) စခန်း ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
(CNDF) စခန်းချထားတဲ့နေရာကို စစ်တပ်က စားဖိုဆောင်ကတစ်ဆင့် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နှစ် ဖက်တိုက်ပွဲ ပြင်းထန်တာကြောင့် လက်နက်အင်အားနည်းတဲ့ CNDF ဘက်က ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီတိုက်ပွဲဟာ ၄၅ မိနစ်လောက်ကြာခဲ့ပြီး သူတို့တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားနှစ်ဦး အဖမ်းခံခဲ့ရတယ် လို့ CNDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ CNDF အလံလွှင့်ထားတာ တစ်ပတ်လောက်ကြာတယ်ဗျ။ အွန်လိုင်းပေါ်မှာ မပြန့်လို့ ဘာမှ မဟုတ် တာ။ လိုင်းပေါ်မှာပြန့်သွားတဲ့ အချိန်မှာ သူတို့ရဲ့ အရှိုက်ကို ထိုးသလိုမျိုးဖြစ်တော့ သူတို့ အထက်အမိန့်နဲ့ တိုက်ခိုင်း တာထင်တယ်။ ပစ်ခတ်မှုက ၄၅ မိနစ်လောက် ကြာတယ်။ ကျနော်တို့ဘက် က နှစ်ယောက်အဖမ်းခံရပြီး တစ်ယောက် ဒဏ်ရာရတယ်”
"နိုင်ငံတကာထောက်ပံ့မှုတွေ မရောက်လာသေးဘူး။ IDP Camp မှာ နေရတဲ့သူတွေအတွက် စားဖို့သောက်ဖို့က တော်တော်ရှားပါးနေပြီ"
ဒီတိုက်ပွဲအပြီးမှာတော့ မတ်လဆန်းကတည်းက မြို့ကို တဖြည်းဖြည်းချင်း စွန့်ခွာနေတဲ့ ရိခေါဒါရ် ဒေသခံ အားလုံးနီးပါး မြို့ကို ချက်ချင်း စွန့်ခွာထွက်ပြေးသွားတာပါ။ ထွက်ပြေးသွားသူ လေးထောင် အနက် နှစ်ထောင်လောက်သာ နယ်စပ်မျဥ်းကိုဖြတ်ပြီး မီဇိုရမ်ပြည်နယ်ဘက် ရောက်သွားပေမဲ့ ကျန်နှစ်ထောင် လောက်က ချင်းပြည်နယ် ဘက်ခြမ်းမှာပဲ ယာယီအမိုးအကာတွေနဲ့ ဖြစ်သလို နေထိုင်ကြတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က တိုက်ပွဲရှောင်ဒုက္ခသည်တွေအတွက် တာဝန်ယူမှု တာ ဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အနေနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်ပကို တိမ်းရှောင်နေတဲ့ သူတွေအတွက် ပြောချင် တာကတော့ မိမိမှာ ဘာမှအပြစ်မရှိဘူး၊ ကျူးလွန်မှု ဘာမှမရှိဘူးဆိုရင် ကျနော်တို့ မြန်မာနိုင်ငံ ထဲမှာ တိုက်ပွဲရှောင်စခန်းတွေမှာ နေနိုင်ပါတယ်။ အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ အသင့်ရှိပါတယ်။”
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ မလုံလောက်တာကြောင့် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်း ဇအုပ်လိန်းက ပြော ပါတယ်။
"အခုအချိန်ထိ နိုင်ငံတကာထောက်ပံ့မှုတွေ မရောက်လာသေးဘူး။ အခုက IDP Camp မှာ နေရတဲ့သူ တွေအတွက် စားဖို့ သောက်ဖို့က တော်တော်ရှားပါးနေပြီ။ အဲဒါကြောင့်မို့လို့ မိုးမကျခင်မှာ သူတို့ စား ဝတ်နေရေးအတွက် ဘယ်လို စီစဉ်ပေးရမလဲဆိုတာ ကျနော်တို့ ဆောင်ရွက်နေတယ်။ အခု နိုင်ငံတကာ က အကူအညီရဖို့လည်း လုပ်နေဆဲဖြစ်ပါတယ်။"
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ မတ်လကုန်အထိ တစ်နှစ်ကျော် ကာလအတွင်း ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းတစ်သောင်းကျော် ရှိလာတယ်လို့ ဆလိုင်း ဇအုပ်လိန်းက ပြောပါတယ်။
အဲဒီအထဲက ခြောက်သောင်းကျော်က ချင်းပြည်နယ်ထဲမှာပဲ ဖြစ်သလို ရွှေ့ပြောင်းနေထိုင်ကြပြီး ကျန်ငါး သောင်းလောက်ကတော့ နယ်စပ်ကတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဆလိုင်း ဇအုပ်လိန်းက ပြောပါတယ်။