မြန်မာရိုဟင်ဂျာများအသင်း တောင်းဆိုမှုအပေါ် တုံ့ပြန်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးချုပ် ICJ မှာ တရားစွဲဖို့အတွက် တခြားနိုင် ငံတွေကို တိုက်တွန်းပေးဖို့ကို အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့တောင် အာရှရေးရာ ညွန်ကြားရေးမှူးကို မြန်မာရိုဟင်ဂျာများအသင်းက မနေ့ကတွေ့ဆုံ တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။

BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေရတဲ့အတွက် နိုင်ငံသားအဖြစ် အသိမှတ်ပြုဖို့နဲ့ လုံခြုံရေးအတွက် အာမခံရှိဖို့ လိုအပ်တာတွေ အပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ အရေးယူဖို့  ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်းက ဦးဆောင်သူ ဦးထွန်းခင်က အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး Josh Cartin ဂျော့ရှ် ကာတင် ကို ဇူလိုင် ၃ ရက်နေ့ မနေ့က တွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။

"၂၀၂၀ ရွေးကောက်ပွဲက လာခါနီးပြီး။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထောက်ခံမှုပေးခဲ့ တာရှိတယ်။ အခုချိန်မှာ မြန်မာအစိုးရကို ဖိအားပေးပြီးတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာတွေ   အဓိကပေးဖို့လိုအပ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ အစိုးရကို ရွေးကောက်ပွဲအတွက် အထောက်ပံ့တွေ ပေးမယ့် အချိန်မှာ သူတို့အနေနဲ့ အများကြီးလုပ်လို့ရတာရှိတယ်။"

အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး Josh Cartin ဂျော့ရှ် ကာတင် က အမေရိကန်ဘက်က ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်ပြီး မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ရှိတဲ့ အကြာင်း၊ ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။

မြန်မာအစိုးရကို ဖိအားပေးပြီးတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာတွေ အဓိကပေးဖို့ လိုအပ်တယ်

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက  ဦးအောင်ကျော်ဇံ ကို  RFA ကဆက်သွယ်မေးမြန်းတဲ့အခါမှာ အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီနဲ့ ပတ်သက်ပြီး        အကြောင်းကြား ထားတော့ လတ်တလော မရှိသေးဘူးလို့ ပြောပါတယ်။

မနေ့ကတွေ့ဆုံတုန်းက ရခိုင်ပြည်က မွတ်စလင်တွေ အသတ် ခံရတာ၊ အိမ်တွေ၊ လယ်တွေ ဖျက်ဆီးခံရတာတွေအတွက် မြန်မာအစိုးရက လျော်ကြေးပေးဖို့အပြင် နိုင်ငံတကာတရား ရုံးချုပ်မှာ တရားစွဲဆိုဖို့ အမေရိကန်နိုင်ငံကနေ တခြားနိုင်ငံတွေကို တိုက်တွန်းပေးစေချင်တယ်လို့လည်း ဦးထွန်းခင်က အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးကို ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အခုလိုပြောပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်တာတွေကို သက်သေအထင်ရှားပြဖို့ တောင်းဆိုပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ အထောက် ထားပေါ်မူတည်ပြီးမှ ဆုံးဖြတ်ရပါတယ်။ ခံစားမှုနဲ့မရပါဘူး။ ဒါကြောင့် သက်သေထင်ရှားတဲ့အခါ တိတိကျကျ အရေးယူ ပါ့မယ်လို့ပဲ ပြောနိုင်ပါတယ်။"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာဟာ တပ်မတော်ကနေ AA တပ်တော်ကို ထိုးစစ် ဆင်တာ၊ ရခိုင်နဲ့ မွတ်စလင်တွေကို ဖိနှိပ်သတ်ဖြတ်တာတွေကို ဖုံးကွယ်ထားချင်တာ ဖြစ်တဲ့အတွက် ဒါကိုလည်း အမြန်ဆုံး ဖိအားပေးဖို့တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီစွပ်စွဲချက်တွေနဲ ပတ်သက်ပြီးတော့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"အင်တာနက်ဖြတ်တောက်တာကို အားလုံးကချင့်ချိန်ပြီး လုပ်သင့် လုပ်ထိုက်လို့လုပ်တာလို့ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီခေတ်မှာ ဖုံးကွယ်လို့ရတာ တစ်ခုမှမရှိပါဘူး။ အင်တာနက်ဖြတ်တောက် တာလည်း သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ဖုံးဖိထားနိုင်စရာ အကြောင်းမရှိပါဘူး။ နောက်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ဘူး။ တခြားအကြောင်းတွေကြောင့်လုပ်ခဲ့တာဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ အင်တာနက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆောင်ရွက်လို့ရပါတယ်။"

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အဲဒီနိုင်ငံမှာရောက်နေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို နိုင်ငံအတွင်း သွားလာခွင့်မရှိတာ၊ ကျောင်းတက်ခွင့်မပေးတာ၊ ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား တာတွေကို ရပ်ဖို့တိုက်တွန်းစေချင်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ လည်း သိရပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org