RFA သတင်းထောက် ကိုဇော်တူးကို ၆၈ (က) နဲ့ အမှုဖွင့်ခံရ
လွတ်လပ်တဲ့အာရှအသံ RFA က မကွေး သတင်းထောက် ဦးမြင့်ဇော်ဦး (သတင်းထောက်အမည် - ဇော်တူး) ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်လိုက်ပါတယ်။
-
2018-11-03 -
-
-
Your browser doesn’t support HTML5 audio
လွတ်လပ်တဲ့အာရှအသံ RFA က မကွေး သတင်းထောက် ဦးမြင့်ဇော်ဦး (သတင်းထောက်အမည် - ဇော်တူး) ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်လိုက်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း က ပြောပြပေးပါမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ကမာရွတ်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က အမှုဖွင့်လိုက်တာပါ။
အမှုဖွင့်ရခြင်းအကြောင်းကို ရဲမှူး သိန်းဟန်က အခုလို ပြောပါတယ်။
"၂၂ ရက် ၁၀ လ ၇ နာရီလောက်မှာ ဒီ Myintzaw Oo အကောင့်ကနေ ရန်ကုန်တက္ကသိုလ်ထဲမှာ ဗုံးကွဲသတင်း က ကွန်ဖမ်းဖြစ်လား ဘော်ဒါတို့ဆိုပြီး သူကနေ တင်ထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ဆိုတော့ ကျနေ်ာတို့က အကုန်လုံး ဟိုဟာဖြစ်သွားတာပေါ့။ အဲမှာ ကျနော်တို့ သွားကြည့်တော့ ဒီဟာနဲ့ ပတ်သက်ပြီး ကွန်ဖမ်းလိုက်လုပ်ကြည့်တော့ ဘာမှမဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူက ဒီဟာကို တင်တဲ့အတွက် မဟုတ်မမှန်သတင်း တင်တဲ့အတွက် ဒီဟာကို ကျနော်တို့ ၆၈ (က)နဲ့ အမှုဖွင့်တာ။ အာမခံပေးလို့ရတယ်။ ဘယ်မှ ကျနော်တို့ အကြောင်းမကြားရသေးဘူး"
ဒီနေ့ ညနေပိုင်းအထိ တရားစွဲခံရသူ ဦးမြင့်ဇော်ဦး(ခ) ကိုဇော်တူးထံကို ရဲတပ်ဖွဲ့က အကြောင်းကြားမှု မရှိသေး ပါဘူး။
RFA သတင်းထောက် ဦးမြင့်ဇော်ဦးက သတင်းသိချင်ယုံသက်သက်မေးမြန်းမှုကို အခုလို ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အပေါ် အံ့သြမိကြောင်း ပြောပါတယ်။
"We Chat မှာ ရန်ကုန်တက္ကသိုလ်မှာ ဗုံးပေါက်ကွဲတယ်။ ၁ ယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရတယ် ဆိုတဲ့ သတင်းတက်လာတယ်။ အရမ်းစိုးရိမ်သွားတယ်။ မေးလို့မြန်းလို့ လွယ်ကူတဲ့နေရာကနေ ကျနော်က တင်ပြီးမေးလိုက်တဲ့ သဘောပဲ။ အဲလိုမေးပြီးတော့ နာရီပိုင်းအတွင်းမှာပဲ မဟုတ်ဘူးဆိုတာ ကျနော်သိတော့ ပြန်ဖြုတ်ချလိုက်တာပဲ။ ရန်ကုန်တက္ကသိုလ်မှာ ဗုံးကွဲတယ်လို့ ကြားတယ်။ အဲ့သတင်းဟုတ်လား။ ကွန်ဖမ်း ဖြစ်လား။ အတည်ပြုပေးပါဆိုပြီး ကျနော်မေးတာ။ အံ့သြမိတယ်လို့ပဲ ပြောရမှာပဲ။ ဘာလို့လည်းဆိုတော့ ကျနော်က သဘောရိုးနဲ့လေ သိချင်တဲ့စိတ်တစ်ခုနဲ့ပဲ မေးတာ။ တစ်ခုခု ကြံစည်တာမျိုးမဟုတ်ဘူး။ သတင်းမှား ဖြန်ဝေတာလည်း မဟုတ်ဘူး။ အဲ့သတင်းလေးဟုတ်ရင် ကျနော်ကို ပြောကြစမ်းပါဗျာဆိုတဲ့ သဘောမျိုးနဲ့ မေးတဲ့ဟာကို တရားစွဲတယ်ဆိုတဲ့အခါ ကျနော်တို့ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးပြီလားလို့ တွေးနေမိတာ"
သတင်းသမားတွေကို တရားစွဲဆိုရာမှာ သက်ဆိုင်ရာ သတင်းဌာနနဲ့ သတင်းမီဒီယာကောင်စီ တို့က တဆင့် ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့အပေါ် ဝေဖန်မှုတွေ ရှိပါတယ်။
သတင်းစာဆရာ ဦးကျော်မင်းဆွေက မကွေးသတင်းထောက် ဦးမြင့်ဇော်ဦး (ခ) ကိုဇော်တူး တရားစွဲဆိုခံရမှု အပေါ် သူသဘောထားကို အခုလို ပြောပါတယ်။
"ဦးမြင့်ဇော်ဦးကို တမင်စောင့်ကြည်သလိုမျိုး ဖြစ်နေတာပေါ့နော်။ သတင်းသမားကို။ သတင်းသမားတွေ ဖမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဆင့်ကျော်တယ်ဆိုပြီး အများကြီး ပြောနေကြတယ်။ ပြောနေကြတဲ့ကြားက ဒီလိုလုပ်တယ် ဆိုတာ ပြဿနာရှိတာပေါ့။ သံသယဖြစ်စရာ ကောင်းတာပေါ့"
ဆက်သွယ်ရေးဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်မှာ စတင်ပြီး ဒီဥပဒေနဲ့ အမှုဖွင့် အရေးယူမှုတွေရှိခဲ့တာပါ။
ဥပဒေ ပြဌာန်းပြီးချိန်က စတင်ပြီးလက်ရှိအချိန်အထိ တရားစွဲဆိုမှုပေါင်း ၁၅၀ ကျော်ရှိနေပြီလို့ အသံအဖွဲ့က စစ်တမ်းတွေအရ သိရပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး လေ့လာစမ်းစစ်မှုတွေ လုပ်ဆောင်နေတဲ့ အသံအဖွဲ့က Program Manager ကိုအောင်ခန့်က ဒီလိုတရားစွဲဆိုမှုအပေါ် သူ့ယူဆချက်ကို အခုလို ပြောပါတယ်။
"သတင်းအမှားကို ဖြန့်တာမျိုးမဟုတ်ဘဲ မေးမြန်းတဲ့သဘောဆိုရင်တော့ ရဲတပ်ဖွဲ့အနေနဲ့ အခုလို အလျင်စလို လုပ်တာမျိုးထက် သေချာလုပ်သင့်တယ်။ အဲ့လိုမျိုးမလုပ်သင့်ဘူး။ ရခိုင်မှာဖြစ်နေတဲ့ အကြမ်းဖက်မှု ဖြစ်နေ တယ်ဆိုတာမျိုး အထိတ်တလန့်ဖြစ်အောင်လုပ်တာမျိုး မဟုတ်ဘဲနဲ့ ဒီလိုဖြစ်တာ ဟုတ်ပါသလား တကယ်လား ဆိုတာမျိုးမေးတဲ့ ပုံစံမျိုးဆိုရင်တော့ ဒီလိုတရားစွဲတာမျိုး မဖြစ်သင့်ဘူးပေါ့နော်"
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ တရားစွဲခံထားရတဲ့ ဦးမြင့်ဇော်ဦးဟာ သတင်းထောက်လုပ်သက် ၈ နှစ်ခန့် ရှိပြီဖြစ်ပြီး မကွေးဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ အဖြစ်လည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်ရှင်။