ရပ်တည်ရေးအခက်အခဲကြောင့် ရိုဟင်ဂျာတွေ ပြည်ပထွက်ခွာမှုပိုများလာ
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ စခန်းထဲမှာ ရပ်တည်ရေးခက်ခဲလာတာကြောင့် ပြည်ပကို ထွက်ပေါက်ရှာ ထွက်ခွာတာ ပိုများလာတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
-
RFA Burmese
2024-01-16 -
-
-
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ဒုက္ခသည် စခန်းတွေမှာ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လူကုန်ကူးပွဲစားတွေက နေတဆင့် တရားမဝင် လမ်းကြောင်းနဲ့ သွားရောက်တာပိုများလာတယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါ တယ်။
ကမ်းမမြင်တဲ့ ပင်လယ်ပြင်မှာ စက်လှေတွေနဲ့သွားရတာဖြစ်ပြီး မြန်မာနိုင်ငံတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပင်လယ်ပြင်တွေမှာ အမြဲလိုလို ဖမ်းဆီးခံရတာ၊ ထောင်ချခံရတာတွေလည်း ကြုံတွေ့ကြရပါတယ်။ တစ်ခါတလေ သဘာ၀ ဘေးဒဏ်တွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာတွေ၊ သတင်းအစအနမရဘဲ ပျောက်ဆုံး သွားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဒီလမ်းခရီးဟာ ကြမ်းတမ်းတာကိုသိကြပေမယ့် ဒုက္ခသည်စခန်းထဲမှာ အသက်ရှင် ရပ်တည်ရေး ခက်ခဲလာတာကြောင့် သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးဆိုတဲ့စိတ်နဲ့ ထွက်ပေါက်ရှာ သွားလာနေကြတာလို့ လုံခြုရေးအရ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်ခစန်းတစ်ခုမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါ တယ်။
"စားဝတ်နေရေးအခက်အခဲရှိတယ်။ နောက်တစ်ခုက အပြင်ကိုသွားပြီးတော့ အလုပ်လုပ်လို့မရဘူး။ ဘာမှလည်း လုပ်လို့မရတဲ့အတွက် မလေးရှားကိုသွားချင်တဲ့ လူတွေက များနေတယ်။ ပိုက်ဆံရှိလို့ မလေးရှားကို သွားကြတာမဟုတ်ဘူး။ ဆွေမျိုးတွေ နိုင်ငံခြားမှာရှိတယ်၊ ဒါမှမဟုတ် ချေးငှားတယ်။ အလုပ်လုပ်ပြီး ပြန်ဆပ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့သွားတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်ရာ့ ငါးဆယ်လောက် ကုန်ပါတယ်"
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP )က ထောက်ပံ့တဲ့ လူတစ်ယောက် တစ်လ ရှစ်ဒေါ်လာကို အဓိက အမှီပြုစားသောက်နေကြရတာပါ။ အခု ၂၀၂၄ ခုနှစ်ကစလို့ တစ်ယောက်ကို ဆယ်ဒေါ်လာ ထောက်ပံ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်တာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတာကြောင့် ရပ်တည်ရေး ခက်ခဲလာပြီး အခုလို မလေးရှားကိုသွားလာနေကြတာလို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
"လူကုန်ကူး ပွဲစားကြီးတွေဆီကို လူတစ်ယောက်ပို့နိုင်ရင် ဆယ်သိန်းရတယ်။ ငါးသိန်းထက်မနည်းရတယ်၊ ဆိုတော့ ဒါက စီးပွားရေး အလုပ်တစ်ခု ဖြစ်သွားတာပေါ"
လူကုန်ကူးပွဲစားတွေလည်း အရင်ကထက် ပိုပြီးများလာနေတယ်လို့ စစ်တွေမြို့နယ် သဲချောင်းဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဒုက္ခသည်တစ်ဦးကပြောပါတယ်။
"လူကုန်ကူးတဲ့ ပွဲစားတွေက ဘယ်သူ၊ ဘယ်သူဆိုတာ ခန့်မှန်းလို့မရ အဲဒီလို ဖြစ်သွားတယ်။ အရင်ကဆိုရင် ဘယ်သူ၊ ဘယ်သူလုပ်တယ်ဆိုတာ သိတယ်။ အခုက အဲဒီလိုမဟုတ်ဘူး။ လူတိုင်းလုပ်ကြတယ်။ လူကုန်ကူး ပွဲစားကြီးတွေဆီကို လူတစ်ယောက်ပို့နိုင်ရင် ဆယ်သိန်းရတယ်။ ငါးသိန်းထက်မနည်းရတယ်။ ဆိုတော့ ဒါက စီးပွားရေး အလုပ်တစ်ခု ဖြစ်သွားတာပေါ့။ လူဆယ်ယောက်ရှာနိုင်ရင် သိန်းတစ်ရာရတယ်၊ အဲဒီလို ပုံစံမျိုး။ ပွဲစားရဲ့ ကိုယ်စားလှယ်ပေါ့"
မလေးရှားနိုင်ငံကို မှောင်ခိုလမ်းကြောင်းတွေကနေ လူမသိ၊ သူမသိ သွားလာနေတာ ဖြစ်တာကြောင့် လူဘယ်လောက် ထွက်ခွာတယ်ဆိုတာကို တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုနေဆန်းလွင်ကတော့ ဒီအချိန်ဟာ လူကုန်ကူးပွဲစားတွေအတွက် အချိန်ကောင်းဖြစ်နေပြီး တစ်လမှာ စက်လှေ ဆယ်စီးလောက်အထိ ဆက်တိုက်ထွက်ခွာနေတာလို့ RFA ကိုပြောပါတယ်။
"ဒီအချိန်က လူကုန်ကူးသူတွေအတွက် အဓိက စီးပွားရေးလုပ်လို့ကောင်းတဲ့အချိန် ပေါ့နော်။ စက်လှေဆိုလို့ရှိရင် လည်း တစ်စီးတည်းမဟုတ်ဘူး။ ဆယ်စီးလောက်အထိ ဆက်တိုက်ထွက်တာပေါ့နော်။ အဓိကတော့ ကြုံတွေ့လာတဲ့အခက်အခဲတွေက တစ်နေ့တခြား ပိုများလာတော့ ဒီပြဿနာတွေကနေ ထွက်ပေါက်ရဖို့ လူတိုင်းက ကြိုးစားကြမှာပဲလေ။ ဆိုတော့ ဒီပြဿနာတွေကို မဖြေရှင်းဘူးဆိုရင် ဒီလူတွေက ဒီစက်လှေပေါ်တက်ပြီး သွားကြမှာပဲ။ သွားတဲ့သူတွေ ပိုများလာမှာပေါ့နော်"
ထွက်ခွာလာသူများစုဟာ အမျိုးသမီးတွေဖြစ်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို အရင်လိုတိုက်ရိုက်ခိုးဝင်လို့ မရတော့တာကြောင့် အင်ဒိုနီးရှားနိုင်ငံကတစ်ဆင့် သွားလာနေတာလို့လည်းဆိုပါတယ်။ အခုလိုရိုဟင်ဂျာတွေ ပြည်ပထွက်ခွာမှု များလာတာဟာ စစ်ကောင်စီမှာ အဓိကတာဝန်ရှိပြီး သူတို့ကို နိုင်ငံသား အခွင့်အရေးတွေ နိုင်ငံတွင်းမှာ လွတ်လပ်စွာသွားလာ လုပ်ကိုင်ခွင့်မပေးတာတွေကြောင့် ဒီလိုပြဿနာတွေ ကြုံတွေ့နေရတာလို့ ကိုနေဆန်းလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး ရိုဟင်ဂျာဒုက္ခသည်လှေ ၁၁ စီးဟာ အင်ဒိုနီးရှားနိုင်ငံက ပြည်နယ်နှစ်ခုကို ရောက်ရှိခဲ့ပြီး စုစုပေါင်း ဒုက္ခသည် အရေအတွက် ၁,၇၀၀ ခန့်မှာ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားအစိုးရအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတွေကို ပြန်မောင်းထုတ်တာကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဒုက္ခသည်တွေအပေါ် တိုက်ခိုက်တာတွေရပ်တန့်ဖို့နဲ့ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဇန်နဝါရီ ၁၆ ရက် ဒီနေ့ထုတ်ပြန်တောင်းဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့ အနီးဆုံးဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့် ပေးသင့်ပြီး လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကာကွယ်မှုပေးသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအပေါ် အကြမ်းဖက်ဖို့ အွန်လိုင်းကလှုံ့ဆော်မှုတွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ HRW က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကောင်စီ တပ်ရဲ့နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြတာ ဖြစ်ပါတယ်။