စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုမှာ တစ်ရက်တည်း အရပ်သားငါးဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ကနီနဲ့ ခင်ဦးမြို့နယ်တွေမှာ ဇွန်လ ၄ ရက် တစ်ရက်တည်းမှာတင် သေဆုံးနေတဲ့ ရုပ်အလောင်း ငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း ကနီနဲ့ ခင်ဦးမြို့နယ်တွေမှာ ဇွန်လ ၄ ရက် တစ်ရက်တည်းမှာတင် သေဆုံး နေတဲ့ ရုပ်အလောင်း ငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရုပ်အလောင်း ငါးလောင်းမှာ မီးလောင်သေဆုံးနေတဲ့ အသက် ၇၉ နှစ်အရွယ် အဘွားအို တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။

အဘွားအိုက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာက ဖြစ်ပြီး ကလေးတစ်ဦး အပါအဝင် ကျန်လေးယောက်ကတော့ ကနီမြို့နယ် တဇယ်ချောင်ရွာက အမျိုးသားတွေ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ် သာဂရရွာက အသက် ၇၉ နှစ်အရွယ် အဘွားအိုဟာ ဇွန်လ ၄ ရက်နေ့က သူတို့ ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်လာပြီး နေအိမ်တွေကို မီးရှို့ချိန် လေဖြတ်ရောဂါ ခံစားနေရတာကြောင့် မပြေးနိုင်ဘဲ မီးလောင်သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်က တဇယ်ချောင်ရွာသား လေးယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဇွန်လ ၄ ရက် တစ်ရက်တည်းမှာတင် သူတို့ ရွာအနီးက ငါးဖျက်ရွာ နတ်စင်ကုန်းအနီးမှာ ပြန်တွေ့ရတာပါ။

သူတို့ဟာ အရင်ရက်တွေကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။

တဇယ်ချောင် ရွာသားလေးယောက်ဟာ အသက် ၁၄ နှစ်ကနေ ၄၅ နှစ်ထိအရွယ်တွေဖြစ်ပြီး စစ်တပ်က ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားပြီးနောက် အသတ်ခံရတာလို့ ဒေသခံတစ်ဦးက ဇွန်လ ၆ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။

“အဓိကတော့ ဓားစာခံအနေနဲ့ ဖမ်းခံရတာ။ စစ်ကြောင်းမှာ အရှေ့ကနေ လွှတ်တယ်။ သူတို့ခိုင်းတဲ့အတိုင်း၊ သူတို့ပြောတဲ့အတိုင်း မလုပ်တော့ အသတ်ခံရတာ”

တဇယ်ချောင် ရွာသားလေးယောက်ဟာ ဘယ်ပုံ၊ ဘယ်နည်း သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်ပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အသက် ၇၉ နှစ်အရွယ် အဘွားအို မီးလောင်သေဆုံးခဲ့တဲ့ သာဂရရွာ မီးရှို့ခံရတဲ့အတွက် နေအိမ် အလုံး ၇၀ မီးလောင်ပျက်စီးခဲ့သလို ကျွဲ၊ နွား၊ လယ်ယာသုံးစက်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ အပါအဝင် ဝမ်းစာအတွက် သိုလောင်ထားတဲ့ စပါးတင်းပေါင်း တစ်သောင်းလောက်လည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org