စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်သူတွေ တင်းတင်းကျပ်ကျပ် စိစစ်ကန့်သတ်ခံနေရ

ငါးမျဉ်းစောင်း (၅/) နဲ့ စတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို ရရာလက်နက်ဆွဲကိုင်ပုန်ကန်မှု အပြင်းထန်ဆုံးဒေသ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ထားတဲ့သူတွေဟာ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်မှုနဲ့ လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ချုပ်ချယ်ခံရတာတွေ၊ ခွဲခြားဆက်ဆံတာတွေ သိသိသာသာကြုံတွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှ ခရီးသွားပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်များ စစ်ဆေးနေတာကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ် Photo: Yadanabon Immigration Group

ငါးမျဉ်းစောင်း(၅/) နဲ့ စတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို ရရာလက်နက်ဆွဲကိုင်ပုန်ကန်တဲ့ အပြင်းထန်ဆုံးဒေသ ဖြစ်ပါတယ်။

အခုနောက်ပိုင်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ထားသူတွေဟာ မြန်မာနိုင်ငံအတွင်း သွားလာ နေထိုင်မှုနဲ့ လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ချုပ်ချယ်ခံရတာတွေနဲ့ ခွဲခြားဆက်ဆံတာ တွေ သိသိသာသာ ကြုံတွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လကုန်က စစ်ကောင်စီဟာ ပြည်သူတွေ ခရီးသွားတာ၊ တည်းခိုတာတွေမှာ မှတ်ပုံတင် (နိုင်ငံသား စိစစ်ရေးကတ်) အစစ်ခံရမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုကြေညာချက်ထုတ်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ အခြားတိုင်းနဲ့ ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်သူတွေထက် တင်းတင်းကျပ်ကျပ် စစ်ဆေးခံလာရတယ်လို့ မြောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

"သွားလာရေးကတော့ တစ်ခုခုဆို ဘာမှလုပ်မရဘူး၊ ဆက်သွယ်လို့လည်းမရဘူး၊ မှတ်ပုံတင်ပြဆိုတော့ ပြလိုက်တယ်။ အသွားအလာတွေ၊ အလုပ်အကိုင်တွေ အဆင်မပြေဘူး၊ လိမ်လို့လည်း မရဘူးလေ၊ မှတ်ပုံတင်အတိုင်းပဲဆိုတော့၊ ၅/ ဆိုတော့ ဘယ်သူမှ လက်မခံချင်ကြဘူး၊ တကယ်တမ်းတော့ ၅/ ဖြစ်တာ ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်အလုပ်ဝင်ရတဲ့အခါနဲ့ သွားလာရေးတွေမှာ ခက်ခက်ခဲခဲလုပ်ရတယ်"

စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်ကိုင်သူတွေအပေါ် လုပ်ငန်းရှင်တွေက ခွဲခြားဆက်ဆံကြတာကိုလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူက ပြောပါတယ်။

"အသွားအလာတွေ၊ အလုပ်အကိုင်တွေ အဆင်မပြေဘူး၊ လိမ်လို့လည်း မရဘူးလေ၊ မှတ်ပုံတင်အတိုင်းပဲဆိုတော့၊ ၅/ ဆိုတော့ ဘယ်သူမှ လက်မခံချင်ကြဘူး"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း သူ့တို့အနေနဲ့ ခရီးသွားလာတဲ့အခါမှာ တခြားသူတွေထက် ပိုပြီးစစ်ဆေးခံရတယ်လို့ ပြောပါတယ်။

"ခရီးကတော့ ပုံမှန်သွားနေတာပဲ၊ မှတ်ပုံတင်စစ်တဲ့ ဂိတ်တွေရှိတယ်၊ မစစ်တဲ့ ဂိတ်တွေရှိတယ်။ စစ်တဲ့ဂိတ်တွေရှိလို့ ၅/ ဆိုရင် ကိုယ့်အမူအရာ၊ အပြောအဆိုတွေကို ကြည့်တာလည်းရှိမယ်၊ သူများထက်တော့ ပိုမေးခံရတာပေါ့၊ ကိုယ်ကတော့ ရိုးရိုး သားသားနဲ့ ကိုယ့်အလုပ်ကိုသွားတာပဲ၊ အမြဲတမ်း ကိုယ်ကိုင်ထားရတဲ့ မှတ်ပုံတင်က ၅/ ဖြစ်နေတာရော၊ ကိုယ့်မြို့နယ်ကလည်း အခြေအနေတွေရှိနေတော့ စိုးရိမ်ရတယ်။ စိုးရိမ်ရတယ်ဆိုတာက ဖြေရှင်းချက်ပေးလို့ရတဲ့နေရာမျိုး ဒါမှမဟုတ် ကိုယ့်ဘက်က ပါလာတဲ့ အချက်လက်တွေကို ချပြလို့ရပြီး အေးအေးဆေးဆေး ပြီးသွားရင်ပြီးတာပေါ့၊ မပြီးမှာကို စိတ်ပူတာပါ"

ဒေသတွင်းခရီးသွားလို့ ဧည့်စာရင်းတိုင်တဲ့အခါ စစ်ကိုင်းတိုင်းကဆိုရင် ဧည့်စာရင်း လက်မခံဘူးဆိုတာမျိုးအထိ ပြောဆိုခံရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက RFA ကို ပြောပါတယ်။

မန္တလေးမြို့က အမည်မဖော်လိုသူ ဟိုတယ်ပိုင်ရှင်တစ်ဦးကတော့ သူတို့ဆီကို စစ်ကိုင်းတိုင်း မှတ်ပုံတင်နဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ညွှန်ကြားထားတာမရှိပေမယ့် လာရောက်တည်းခိုသူတွေရဲ့ ဧည့်စာရင်းနဲ့ ဖုန်းနံပါတ်တွေကိုတော့ တိတိကျကျယူထားဖို့ ညွန်ကြားထားတယ်လို့ ပြောပါတယ်။

"ဘယ်မြို့နယ်၊ ဘယ်တိုင်းဒေသကြီးကလာရင် ဘယ်လိုဆိုတာတော့ မရှိပါဘူး၊ ဟိုတယ်တွေကနေပြီးတော့ သူတို့လုံခြုံရေးအတွက် သူတို့လုပ်တာလည်း ဖြစ်မှာပေါ့၊ မြို့နယ်အလိုက်၊ တိုင်းအလိုက်ခွဲတာတော့ မရှိပါဘူး၊ သူတို့လိုချင်တဲ့သူရှိရင် ရှာလို့ ရအောင် မှတ်ပုံတင်တို့၊ ဖုန်းနံပါတ်တို့ကိုတော့ ပြည့်စုံမှ လက်ခံဖို့တော့ ညွှန်ကြားချက် ရှိတာပေါ့၊ ခေတ်စနစ်အရ မှတ်ပုံတင်ပါမှ လက်ခံဖို့နဲ့ ဧည့်စာရင်း ပုံမှန်ပို့ဖို့တော့ ပြောထားတယ်။ ဧည့်စာရင်း ပြည့်ပြည့်၀၀ မပို့လို့ စစ်ဆေးတွေ့ရှိရင်တော့ အရေးယူမှာ ပေါ့"

အရင်က လာရောက်တည်းခိုသူတွေ မှတ်ပုံတင်မပါလည်း တခြား အသိအမှတ်ပြု ကတ်ပြားတစ်ခုခုပါရင် လက်ခံတည်းခိုခွင့်ပြုလို့ရပေမယ့် အခုတော့ မှတ်ပုံတင်မပါရင် လက်မခံရဲဘူးလို့ ဆိုပါတယ်။

ဒီအပြင် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးစားရာမှာလည်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ တင်းကျပ်တဲ့စိစစ်မှုအပြင် နိုင်ငံကူးလက်မှတ် ထုတ်မပေးတာမျိုး တွေအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို လာရောက်သူတစ်ဦး၏ မှတ်ပုံတင်ကို တွေ့ရစဉ် (Photo: RFA)

စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခုလို ခရီးသွားလာခွင့်၊ တည်းခို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ တင်းတင်းကျပ်ကျပ် စိစစ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပိုပြီးသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သီးခြားကန့်သတ်ထားတာ မရှိဘူးလို့ သူက ဖြေဆိုပါတယ်။

"မရှိပါဘူး။ နေပြည်တော်လို နေရာမျိုးတောင်မှပဲ စစ်ကိုင်းတိုင်းထဲကနေပြီး PDF အကြမ်းဖက်တွေရန်ကနေ ရှောင်လာတဲ့လူတွေလည်း ရှိတယ်။ တချို့သော နေရာတွေမှာတော့ လုံခြုံရေးအရ စစ်ဆေးမှုတွေတော့ ရှိကောင်းရှိလိမ့်မယ်။ အဲဒီလိုဆောင်ရွက်နေတာလည်း ဒီမှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေမှ မဟုတ်ဘူး၊ သူတို့အနေနဲ့က လုံခြုံရေးအရ စစ်ဆေးသင့်တယ်လို့ ယူဆတဲ့သူတွေကိုတော့ ပြည်သူလူထု လုံခြုံရေးအတွက်ပဲ စစ်ဆေးပေးလျက်ရှိပါတယ်"

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က အခုလို ခွဲခြားဆက်ဆံခံရတာဟာ စိတ်ဓာတ် စစ်ဆင်ရေးတစ်မျိုး ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

"တော်လှန်ရေးအားကောင်းတဲ့ဒေသမှာ ရှိတဲ့သူတွေကို လုံခြုံရေးအရသော် လည်းကောင်း၊ အခြား အလုပ်အကိုင်၊ အခွင့်အလမ်း၊ နိုင်ငံခြားထွက်တာတွေမှာ နှိပ်ကွပ်လာတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်တာပေါ့၊ ဒါကလည်း တစ်ဖက်က ကြည့်ရင်လည်း စိတ်ဓာတ်စစ်ဆင်ရေးကို စနစ်တကျလုပ်နေတယ်လို့မြင်တာပေါ့။ ၅/ တွေ အလုပ်မခန့်တာ၊ တခြားမြို့နယ်၊ တိုင်းတွေကို သွားပြီဆိုရင် ဟိုတယ်တွေက လက်မခံတာ၊ ဖွံ့ဖြိုးတဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ သွားပြီး အလုပ်အကိုင် ရှာဖွေရင် အလုပ်အကိုင် ခက်ခဲတာကလည်း လုပ်ငန်းရှင်ရဲ့ ဆန္ဒသဘောထားနဲ့လည်း သက်ဆိုင်တယ်"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင် တစ်ခုအတွက် အလုပ်သမားခေါ်ယူရာမှာ ၅/ ဆို အလုပ်လျှောက်လို့မရဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ အလုပ်ခေါ်ယူတဲ့သူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကိုအခြေခံပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်က ထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း လူဦးရေ ၅,၃၂၅,၃၄၇ ဦး နေထိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org