ရှမ်းမြောက်တိုက်ပွဲကြောင့် အရပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း ကုလထုတ်ပြန်


2019.09.05
kutkai-dead-622.jpg ကွတ်ခိုင်မြို့မှာ လက်နက်ကြီးကျလို့ သေဆုံးခဲ့သူတွေရဲ့ နာရေးအခမ်းအနားကို ၂ဝ၁၉ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Kan Thar/RFA

ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစလို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၁၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီလို့ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူးရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သေဆုံး၊ ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတဲ့အတွက် စိုးရိမ်မိကြောင်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်စာနာရေးရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ခရီးသွားတွေမလုံခြုံတာ၊ လမ်း၊ တံတားတွေ ပျက်စီးတာနဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကွတ်ခိုင်မြို့နယ်က ကျေးရွာတစ်ရွာကို လက်နက်ကျည် ကျရောက်ပေါက်ကွဲတာတွေကြောင့် လူ ငါးဦး သေဆုံးပြီး အဲဒီထဲမှာ ကလေးငယ် သုံးဦးပါဝင်ခဲ့တာတွေဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကြီးမားတဲ့ ထိခိုက်ဆုံးရှုံး မှုတွေဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေရပ်စဲဖို့ နှစ်ဖက်အဖွဲ့အစည်းတွေကြား အမြန်ဆုံးညှိနှိုင်းကြဖို့လိုပြီး ကုလသမဂ္ဂအနေနဲ့ လိုအပ်တဲ့အပိုင်းကို ကူညီဆောင်ရွက်ပေးဖို့ အမြဲအသင့်ရှိတယ်လို့ ကုလသမဂ္ဂပြန်ကြားရေးဌာနရဲ့ ဒေသခံပြန်ကြားရေး အရာရှိ ဦးအေးဝင်းက RFA ကို ဒီနေ့ပြောပါတယ်။

“အကောင်းဆုံးကတော့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေကပဲ အဖြေရှာသွားရမှာပါ။ ကုလသမဂ္ဂအနေနဲ့ လိုအပ်ရင် လိုအပ်တဲ့နေရာမှာ အကူအညီပေးဖို့ကတော့ အဆင့်သင့်ရှိပါတယ်။”

တပ်မတော်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးလိုက်တာကို ကြိုဆိုကြောင်းနဲ့ ဒီကနေတဆင့် တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အထိ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ကြောင်း ကုလရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဗဟိုဌာန တာဝန်ရှိသူတွေ ပြန်လည်တွေ့ဆုံဖို့ သဘောတူထားကြပါတယ်။

အဲဒီတွေ့ဆုံပွဲကို တပ်မတော်တာဝန်ရှိသူတွေ တက်ရောက်နိုင်မလားလို့ RFA က မေးမြန်းရာမှာ  တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အစိုးရနဲ့တပ်မတော်အနေနဲ့ အစွမ်းကုန် သည်းခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုကတော့ NRPC ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့က လုပ်မှာပဲ။ တပ်မတော်အနေနဲ့ကော အစိုးရအနေနဲ့ကောက သူတို့ရဲ့ လုပ်ဆောင်ချက်တွေအရ ဆွေးနွေးဖို့တောင် မသင့်တော်တဲ့ အနေအထားမျိုး ရှိတယ်။ သို့သော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရပ်တံ့မသွားစေလိုတဲ့ စိတ်နဲ့ဆောင်ရွက်နေတာပဲဖြစ်တယ်။ အစိုးရမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်။ တပ်မတော်မှာလည်း ဦးစားပေးလုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ ဆက်ပြီးဆောင်ရွက်နေတာဖြစ်တယ်။ အစွမ်းကုန် သည်းခံပြီး လုပ်နေရတဲ့သဘောမျိုးတော့ရှိတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းတွေအရ ဒီရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံအရေအတွက်ဟာ ၅,၅၀၀ ခန့် ရှိနေပြီလို့ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ  အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ပြီး လားရှိုး၊ မူဆယ်ဘက်ကလာတဲ့ ကုန်တင်ကားတွေ၊ ကိုယ်ပိုင်ယာဉ်တွေကို ပြည်ထောင်စုလမ်းမပေါ် မိုင်းလီရွာအနီး၊ ကွတ်ခိုင်-နမ့်ကွတ်အကြားနဲ့ နမ့်ဖက်ကာ-မူဆယ်ကြားမှာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာ ယာဉ်အစီးရေ ၃၀ ခန့်ရှိနေပြီလို့ သိရပါတယ်။

ယာဉ်တွေကို မြောက်ပိုင်းအဖွဲ့တွေက မီးရှို့တာလို့ ဒေသခံတချို့ကပြောသလို တပ်မတော်ဘက်ကလည်း အလားတူ ပြောပါတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ နှစ်ဖက်တိုက်ပွဲကြောင့် ကားတွေကို လက်နက်ကြီးမှန်တာလို့ တုံ့ပြန်ထား ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ငြိမ်းချမ်းရေးမဆွေးနွေးတော့ဘူးလို့ ပြောဆိုတာမျိုးမရှိကြောင်းနဲ့ အပစ်ရပ်စဲဖို့ဆိုတာ လက်ရှိတပ်မတော်မှာ ပါဝင်ထမ်းဆောင်နေသူတွေ ပါဝင်ဆွေးနွေးမှ ပြီးမြောက်မှာ ဖြစ်တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။

“ကျနော်တို့က ငြိမ်းချမ်းရေးကို မဆွေးနွေးတော့ဘူး တခါမှလည်း မပြောဘူးဘူး။ ဒီလိုမျိုးဆွေးနွေးလာတယ် ဒါပေမဲ့ မြေပြင်မှာ ဘာမှမထူးခြားလာဘူး။ ထိုးစစ်တွေများလာတယ်။ ထိုးစစ်တွေများလာတဲ့အတွက် တိုက်ပွဲဖြစ် လာတာပေါ့။ အပစ်ရပ်ဖို့အတွက်က တပ်ပါဖို့လိုတယ်။ တပ်မပါဘဲ အပစ်ရပ်က ဘယ်လိုမှ ဆွေးနွေးလို့ မရဘူး။”

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စားသောက်ရေး အခက်အခဲရှိခဲ့တဲ့ နမ့်ဖက်ကာမြို့ အခြေအနေကို နမ့်ဖက်ကာအခြေစိုက် မေတ္တာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးကို မေးကြည့်ပါတယ်။

“ဒီနေ့က နမ့်ဖက်ကာဈေးနေ့ဆိုတော့ ကွတ်ခိုင်ကနေ လာရောင်းတဲ့သူတွေဘာတွေရှိတယ်။ မူဆယ်ဘက်ကနေ ဈေးလာဆင်းရောင်းတဲ့လူတွေလည်းရှိတယ်။ အရင်လိုတော့ မစည်ဘူးပေါ့။ တောင်ယာသွားတဲ့လူတွေလည်း အရင်လို လွတ်လွတ်လပ်လပ်သွားလို့ မရသေးဘူး။ ဟိုကတား ဒီကတားနဲ့ နှစ်ဆင့်သုံးဆင့်တားတာတွေရှိတယ်။ အခုတော်တော်တော့ တိတ်ဆိတ်သွားပြီ။ လမ်းမှာဆိုရင်လည်း ပတ်ကင်းတွေ၊ လှည့်ကင်းတွေ လုံခြုံရေးဆောင် ရွက်ပေးနေတော့”

ဒေသအခြေအနေအရ သူ့အနေနဲ့ အမည်ထုတ်ဖော်မပြောလိုဘူးလို့ သူက ပြောပါတယ်။

ကုလရဲ့ စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပဋိပက္ခထဲ ပါဝင်နေတဲ့အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့လိုတယ်၊ အကူညီလိုသူတွေထံ လူသားချင်းစာနာထောက်ထားမှုပေးတဲ့အဖွဲ့တွေ ရိက္ခာပို့ဆောင်ရာမှာ သွားလာခွင့်ရအောင် ခွင့်ပြုပေးဖို့ လိုတယ်လို့ ပြောထားပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။