ကရင်နီဒုက္ခသည်စခန်းတွေမှာ ဆေးဝါးနဲ့ ရိက္ခာ ပြတ်လပ်
ကယားပြည်နယ် (ကရင်နီ) က စစ်ဘေးဒုက္ခသည်စခန်းအများစုမှာ ဇွန်လဆန်းကစပြီး ဆေးဝါးနဲ့ အစားအသောက် မလုံလောက်မှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
- 2022-08-05
-
-
-
ကယားပြည်နယ် (ကရင်နီ) က စစ်ဘေးဒုက္ခသည်စခန်းအများစုမှာ ဇွန်လဆန်းကစပြီး ဆေးဝါးနဲ့ အစားအသောက် မလုံလောက်မှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်နေရတယ် လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ ဩဂုတ်လ ၃ ရက်နေ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်ခုခံသူတွေ အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂၀၂,၁၁၅ ဦးအထိ ရှိနေပါတယ်။
အများစုဟာ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက ဖြစ်ပါတယ်။
“ဆေးဝါးလည်း အဓိကလိုတယ်။ အခုနောက်ပိုင်း ဆန်နဲ့ ကုန်ခြောက်တွေ ပြတ်လပ်မှုရှိတယ်"
ဒုက္ခသည်လေးထောင်လောက်နေထိုင်တဲ့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက ဒုက္ခသည်စခန်း တွေမှာ ဩဂုတ်လဆန်းကစပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဝမ်းပျက်ဝမ်း လျှောရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ဆေးကုသပေးနေတဲ့ သူနာပြုဆရာ ကိုအောင်နိုင်က ပြောပါတယ်။
“ကျနော်တို့ စကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဆေးတွေက ပြတ်လပ်နေပြီ။ ကျနော် တို့ကွင်းဆင်းတဲ့ မြေပြင် တစ်ဖက်မှာကျတော့ တုပ်ကွေးပေါ့၊ အဲဒါတွေအဖြစ်များနေ တယ်။ ပြီးရင် အထက်လှန် အောက်လျှောပေါ့။ အထက်လှန် အောက်လျှောကိုမှ အခုက အသွင်တစ်မျိုး ပြောင်းလာတာပေါ့။ ကလေးတွေ ဝမ်းလျှောပြီး အန်ပြီဆိုရင် သွေးတွေ ပါနေတာ။ အဲ့ဒါမျိုး အများကြီးဖြစ်နေတာ”
ဒါ့ကြောင့် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးနဲ့ ဓာတ်ဆားတွေကို အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။ ဒီ့အပြင် အသက်အရွယ်ကြီးတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိသူ စစ်ဘေးဒုက္ခသည်တွေ အတွက်လည်း ဆေးဝါးတွေ လုံးဝပြတ်တောက်လု နီးပါးဖြစ်နေပြီလို့ ကိုအောင်နိုင်က ပြောပါတယ်။
ဒီးမော့ဆို အရှေ့ဘက်နဲ့ အနောက်အခြမ်းက ဒုက္ခသည်စခန်းတွေမှာလည်း တစ်ရက်ကို လူဦးရေ ၅၀ နဲ့အထက်ဟာ ရာသီတုပ်ကွေးဖြစ်ပွားနေတယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ကယားပြည်နယ်အတွင်းတင်ပို့မယ့် ဆေးဝါးတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်တာတွေ လုပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
လိုင်စင်ရဆေးကုမ္ပဏီတွေကို အကန့်အသတ်နဲ့ သယ်ဆောင်ခွင့်ပြုသလို စစ်ဆေးရေးဂိတ် တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်း တွေ အဆမတန် ကြီးမြင့်လာတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးရရှိရေး ပိုခက်ခဲ လာတယ်လို့ သူက ပြောပါတယ်။
“ဆေးဝါးက ကျနော်တို့ပြည်နယ်မှာ လုံးဝထုတ်လုပ်နိုင်စွမ်းမရှိတဲ့အပြင် ပြည်မကနေ အဓိကမှာယူနေရတာဖြစ်တယ်။ ပြီးတော့ ဈေးနှုန်းကလည်း တစ်ဆကျော်၊ နှစ်ဆနီးပါး လောက် မြင့်သွားတာပေါ့နော်။ နိုင်ငံတကာ ကူညီမှုကလည်း ဆေးဝါးပိုင်းကို ကူညီမှု ကလည်း အားနည်းတာပါတာပေါ့။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ UNHCR တို့က ပေးတာက စားနပ်ရိက္ခာအတွက် အဓိက ဖြစ်ပြီးတော့ ဆေးဝါးဆိုင်ရာပံ့ပိုးမှုက လုံးဝ မရှိဘူးပေါ့နော်။ နောက်တစ်ခုက နှစ်ပေါင်းများစွာ၊ လပေါင်းများစွာ စခန်းမှာနေထိုင် တာဆိုတော့ အားအင်တွေ ချည့်နဲ့လာတာရှိတယ်၊ နောက်တစ်ခုက ကလေးနဲ့ မိခင် အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ကာ ကွယ်ဆေးတွေ မရတဲ့အတွက်ကြောင့်မို့ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေ ပိုပြီးကြုံ ရတာပေါ့”
နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာကို အဓိကထားကူညီပေးတာကြောင့် ဆေးဝါးမလုံလောက်မှုက အတော်လေးဆိုးဝါးနေတယ်လို့ ကိုဗညားက ပြောပါတယ်။
အခုလို အစားအသောက်နဲ့ ဆေးဝါးမလုံလောက်မှုကြောင့် ဒုက္ခသည်စခန်းမှာ သေဆုံးသူ ခြောက်ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ တိုးတက်သော ကရင်နီ ပြည်အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
“ဆေးဝါးလည်းအဓိကလိုတယ်။ အခုနောက်ပိုင်း ဆန်နဲ့ ကုန်ခြောက်တွေ ပြတ်လပ်မှု ရှိတယ်။ တချို့ စစ်ဘေးရှောင်တွေမှာဆိုရင် တော်တော်လေးကို အခြေအနေဆိုးတဲ့ စစ်ရှောင်နေရတဲ့ အနေအထားလည်း ကျနော်တို့ တွေ့ရတာပေါ့။ အဓိကတော့ ဆေးဝါးနဲ့ ကုန်ခြောက်တွေကတော့ ဒီမှာ ကျနော်တို့ နဖူးတွေ့၊ ဒူးတွေ့ကြုံနေရတာ တွေ့နေရ တယ်။ ကျနော်တို့ကိုယ်တိုင်လည်း တချို့စစ်ဘေးရှောင်စခန်းတွေ ရောက်တဲ့အခါမှာ သေဆုံးသွားသူတွေဆိုရင် ဆေးဝါးမလုံလောက်ဘူးပေါ့။ နောက်ပြီး လမ်းပန်းဆက်သွယ် ရေးလည်း မကောင်းဘူး။ သွားရလာရတာ အဆင်မပြေတာလည်းပါတယ်။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း ကျယ်ကျယ်ပြန့်ပြန့် မပေးနိုင်တာလည်းပါတယ်”
ရိက္ခာမလုံလောက်မှုကိုတော့ ဒုက္ခသည်တွေက အနီးပတ်ဝန်းကျင် တောတောင်တွေထဲက အသီးအရွက်တွေကို ရှာဖွေစားသောက်ကြတယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ကန့်သတ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကယားပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက် အာဏာသိမ်းမှု ၁၈ လပြည့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာ လည်း စစ်ဘေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီဘက်က ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံ တစ်ဝန်း စစ်ဘေးဒုက္ခသည်တွေ လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ကူညီပေးနိုင် ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။