တပ်မဲရုံတွေ အပြင်ထုတ်ရင် မဲရလဒ် ပြောင်းလဲနိုင်မလား

နိုဝင်ဘာလရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက တပ်မဲရုံတွေ အပါအဝင် အနယ်နယ်အရပ်ရပ်က တပ်မဲရုံ ၆၃၂ ရုံကို တပ်ပြင်ပမှာ ထားရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ တပ်မဲရုံတွေကို အပြင်ထုတ် လိုက်မယ်ဆိုရင် ပွင့်လင်းမြင်သာလာပြီး မဲရလဒ်တွေ အပြောင်းအလဲဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်‌ထောင်စုလွှတ်တော်ရှေ့မှာ ၂၀၂၀ မတ် ၁၀ ရက်နေ့က တွေ့ရစဉ် AFP Photo

နိုဝင်ဘာလရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက တပ်မဲရုံတွေ အပါအဝင် အနယ်နယ် အရပ်ရပ်က တပ်မဲရုံ ၆၃၂ ရုံကို တပ်ပြင်ပမှာ ထားရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ တပ်မဲရုံတွေကို အပြင်ထုတ်လိုက်မယ်ဆိုရင် ပွင့်လင်းမြင်သာလာပြီး မဲရလဒ်တွေ အပြောင်းအလဲဖြစ်လာနိုင်မယ် လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်တွင်းမဲရုံတွေကို  ဝင်ရောက် လေ့လာခွင့် မရတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မဲရုံတွေ  ပြင်ပရောက်လာမယ့် အစီအစဉ်ကို  ကြိုဆို တယ်လို့ နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက်ပွဲ စောင့်ကြည်သူတွေက ပြောပါတယ်။

တပ်မဲရုံတွေ ပြင်ပမှာရှိနေမယ်ဆိုရင် တပ်မတော်သားတွေနဲ့ တပ်မတော်သား မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုပိုရပြီး   ကိုယ်စားလှယ်လောင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြမှာဖြစ်တယ်လို့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် က ပြောပါတယ်။

“တပ်တွင်းမဲရုံတွေဆိုရင် လေ့လာစောင့်ကြည့်ခွင့် မရတာရှိတယ်။ တပ်မိသားစုတွေက တပ်ထဲမှာပဲ မဲပေးရ တာကနေ အပြင်ကိုထွက်ပြီး မဲပေးရမယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေ ပိုရနိုင်တယ်။ စိတ်ပိုင်း ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှု ပိုရသွားနိုင်တဲ့ အနေအထားလေးကနေ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ပေးချင်တဲ့ပါတီကို ပေးတာမျိုးလေးတော့ ရှိလာနိုင်တယ်။”


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မဲရုံတချို့ကို အပြင်ထုတ်မယ်လို့  RFA ရဲ့  မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“တချို့မဲရုံတွေက အပြင်ထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ တချို့မဲရုံတွေက တပ်ပဲသီးသန့်ရှိနေတဲ့အတွက် အပြင်မထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ဥပဒေတွေ၊ စည်းမျဉ်းတွေအတိုင်း၊ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်။”


ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်သားတွေနဲ့ တပ်မတော်သား မိသားစုဝင်တွေရဲ့ မဲစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သွားမှာဖြစ်ပြီး ကော်မရှင်က ထုတ်ပြန်ပေးလိမ့်မယ်လို့ ပြောပါတယ်။ တပ်မဲစာရင်းကို ကော်မရှင်က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့အထိတော့ အများသိအောင် ထုတ်ပြောတာ မရှိသေးပါဘူး။

ရွေးကောက်ပွဲနေ့မှာ နိုင်ငံတဝှမ်းက တပ်မဲရုံအားလုံး တပ်ပြင်ပမှာ ရှိနေသင့်တယ်လို့ ထောက်ပြကြတာတွေလည်း ရှိပါတယ်။

တပ်မဲရုံတွေ အပြင်ထုတ်မယ်ဆိုရင် တပ်မတော်နဲ့ မဟာမိတ်ပြုထားတဲ့ ပါတီရဲ့ မဲရလဒ်တွေ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူး စိုင်းလိတ်က ယူဆပါတယ်။

“ကြိုတင်မဲကလည်း လျော့သွားနိုင်တယ်။ တဖက်မှာလည်းပဲ ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာနိုင်တာပေါ့ဗျာ။ မဲရလဒ်အခြေအနေက မဟာမိတ်ပြုထားတဲ့ ပါတီတစ်ခုခုကတော့ အပြောင်းအလဲဖြစ်သွားနိုင်တာပေါ့။။ မဲစာရင်းမငြိမ်တာကို ကျွန်တော်တို့ ပြောချင်တာပါ။ တကယ်လက်တွေ့ရှိနေတဲ့ လူအနေအထားနဲ့ လူအရေ အတွက်နဲ့ မဲအရေအတွက်က တစ်ထပ်တည်းကျရဲ့လားဆိုတဲ့ ပြဿနာကို ဖြေရှင်းပြီးသားလည်း ဖြစ်သွား နိုင်တာပေါ့။ သေချာတာတစ်ခုကတော့ ၂၀၁၅ တုန်းက လားရှိုးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ မဲစာရင်းဆိုလို့ရှိရင် ကြိုတင်မဲကြောင့် အပြင်က ပြည်သူလူထုထည့်တဲ့ မဲမဟုတ်ဘူးဆိုတာ အားလုံးက သံသယဖြစ်ဖွယ် ကြုံတွေ့ခဲ့ရတာပေါ့။ အလားတူ ပြဿနာမျိုးက ရှမ်းပြည်နယ် အရှေ့ပိုင်းမှာလည်း ရှိခဲ့ပါတယ်။”

ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် ကတော့ အဲ့ဒီယူဆချက်ကို ငြင်းပါတယ်။

“တပ်မဲရုံတွေကို တပ်ရဲ့ ပရဝုဏ်အပြင်ကို ထုတ်လိုက်တဲ့အတွက် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ သိသာတဲ့ အပြောင်းအလဲဖြစ်မယ်လို့တော့ ကျွန်တော်တော့ မယူဆဘူး။ တပ်ဆိုတဲ့သဘောသည် အထက်အောက် အမိန့် ပေးတဲ့ သဘောနဲ့ ဖွဲ့တာလေ။ နောက် အယူအဆကအစ စည်းမျဉ်းစည်းကမ်း အဆုံးပေါ့လေ တပုံစံတည်းပဲ လေ့ကျင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်နေတော့ တပ်တွင်းမဲရုံတွေက တပ်ပရဝုဏ်ထဲမှာရှိသည်ဖြစ်စေ ပရဝုဏ် ပြင်ပမှာရှိသည်ဖြစ်စေ တပ်ထဲကလူတွေရဲ့ စဉ်းစားပုံစဉ်းစားနည်းသည် ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ ပြောင်းလဲမယ် မထင်ဘူး။”

တပ်မတော်က ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဟာ ရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့လိုကြောင်း ပြောဆိုထားပါတယ်။

တပ်မဲရုံတွေ အပြင်ထုတ်လိုက်မယ်ဆိုရင် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက် အပြောင်းအလဲတွေ ရှိနိုင်လားလို့ မေးကြည့်ရာမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြည်သူတွေအနေနဲ့ ဘယ်သူ့ကို မဲပေးရမယ်ဆိုပြီး စာချုပ်ချုပ်ဆိုထားတာမဟုတ်လို့ ပေးချင်တဲ့သူကိုပေးမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြောစရာမရှိပါဘူးခင်ဗျ။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ တပ်နဲ့ ကော်မရှင်ပဲ ညှိရမှာ ပေါ့။ ပြည်သူက သူပေးချင်တဲ့သူပေးမှာပဲ။ စာချုပ်ချုပ်ထားတာမှ မဟုတ်တာ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီအပေါ်မှာလည်း ဝေဖန်စရာ အလေးနက်လုပ်စရာလည်း အကြောင်းမရှိပါဘူး။”

တပ်မတော်က အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ နိုင်ငံရေးပါတီနဲ့ တပ်မတော်ဟာ ဘာမှမဆိုင်သလို ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်နဲ့က အတူတူဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကို လက်မခံဘူးလို့ ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ BNI အဖွဲ့က ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ဆိုတဲ့ စာအုပ်မှာတော့ တပ်မတော်မှာ စစ်သည်အင်အား လေးသိန်း ခြောက်ထောင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အထက်အမိန့်ကို နာခံရတဲ့ တပ်မတော်သားတွေဟာ မဲထည့်တဲ့အခါ အရင်က တပ်မတော်ခေါင်းဆောင်တွေ ဖွဲ့စည်းပေးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကိုပဲ  ရွေးချယ်ကြမှာဖြစ်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကာလ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ် အမှတ် ၁ နဲ့ အမှတ် ၂ တို့မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေပဲ မဲအများဆုံးရရှိကြတာကို သူတို့က ထောက်ပြကြပါတယ်။

တပ်မတော်သားတွေကို ဘယ်ပါတီဘယ်အဖွဲ့အစည်းကို မဲပေးရမယ်လို့ ညွန်ကြားချက်မရှိဘဲ လွတ်လပ်စွာ မဲပေးခွင့်ပြုထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားဖူးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄.၃ သန်းခန့် ရှိခဲ့ပါတယ်။   ၂၀၂၀ ရွေးကောက်ပွဲအတွက် ကနဦး စာရင်းပြုစုချက်အရ မဲဆန္ဒရှင်  ၃၇ သန်းကျော်ရှိနေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှ င်အဖွဲ့ဝင် ဦးမြင့်နိုင်က သြဂုတ်လ ၅ ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ  ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org