ထိုင်းရောက် မြန်မာတွေရဲ့ ကိုယ်ရေးဇီဝအချက်အလက် စတင်ကောက်ယူ

ဒီအစီအစဉ်ကို မြန်မာနိုင်ငံသားတွေ အများဆုံး ရှိနေတဲ့ ထိုင်းနိုင်ငံအနောက်ပိုင်းက တာ့ခ်ခရိုင်၊ စမွတ် စခွန် နဲ့ ပရာချက် ခီရီခန် ခရိုင်သုံးခုမှာ ပထမဆုံး စတင်အကောင်အထည်ဖော်နေတာပါ။

၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဘန်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရန် စောင့်ဆိုင်းနေသည့် ထိုင်းရောက် မြန်မာတစ်ဦးအား တွေ့ရစဉ်။ Photo: AFP

ထိုင်းကြက်ခြေနီအဖွဲ့နဲ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ရောဂါထိန်းချုပ်ရေးဌာနတို့ဟာ ထိုင်းနိုင်ငံအနောက်ပိုင်းက ခရိုင်အချို့မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံမဲ့ဖြစ်နေသူတွေကို Biometrics လို့ ခေါ်တဲ့ ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်တွေ ကောက်ခံနေတာ အောင်မြင်နေပြီး အခြားခရိုင်တွေကို တိုးချဲ့သွားဖို့ရှိတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

ဒီအစီအစဉ်အရ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိဘဲ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဆေးခန်းလာပြတဲ့အခါနဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေကို ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါမှာ မျက်နှာပုံစံနဲ့ မျက်လုံးတွေကို ကွန်ပျူတာနဲ့ စကင်ဖတ်သိမ်းဆည်းလိုက်ပြီး ဂဏန်း ၁၃ လုံးပါတဲ့ အိုင်ဒီနံပါတ် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို မြန်မာနိုင်ငံသားတွေ အများဆုံး ရှိနေတဲ့ ထိုင်းနိုင်ငံအနောက်ပိုင်းက တာ့ခ်ခရိုင်၊ စမွတ်စခွန် နဲ့ ပရာချက် ခီရီခန် ခရိုင်သုံးခုမှာ ပထမဆုံး စတင်အကောင်အထည်ဖော်နေတာပါ။ ဒီအစီအစဉ်ကြောင့် ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်သူတွေကို HPV ခေါ် ရေယုန်ရောဂါနဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ထိုးနှံတဲ့နေရာမှာ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့တယ်လို့ ထိုင်းအစိုးရက ကြေညာပါတယ်။

လူတစ်ဦးကို ကာကွယ်ဆေး နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ထိုးပေးရပါတယ်။ ဒါကြောင့်မို့ ဘယ်သူက ပထမနဲ့ဒုတိယအကြိမ် ကာကွယ်ဆေးတွေ အထိုးခံပြီးပြီလဲဆိုတာကို သိရဖို့လိုပါတယ်လို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတဲ့ ထိုင်းနည်းပညာဌာနက ညွှန်ကြားရေးမှူး ချိုင် ဝတ်တီဝပ်ချိုင်က ပြောပါတယ်။



ဒီအစီအစဉ်မှာ အနည်းဆုံး လူတစ်သန်းလောက်ရဲ့ မျက်နှာပုံစံနဲ့မျက်လုံးတွေကို ကွန်ပျူတာနဲ့ စကင်ဖတ်ပြီး သိမ်းဆည်းထားဖို့ ရည်ရွယ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုတွေကို အာမခံချက်ပေးတဲ့ ဥပဒေတစ်ရပ်ရှိနေပေမဲ့ နိုင်ငံရေးအခြေအနေကို မူတည်ပြီး ပြောင်းလဲနေတဲ့အတွက် ဒီဇီဝအချက်အလက်တွေကို တလွဲအသုံးပြုလာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြတဲ့ ထိခိုက်အလွယ်ဆုံး လူအုပ်စုကို ဇီဝအချက်အလက်တွေကို ကောက်ယူပြီး ဘယ်သူတွေကို အသုံးပြုခွင့်ပေးမှာလဲ ဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ အင်တာနက်လွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေတဲ့ Myanmar Internet Project အဖွဲ့က အမည်မဖော်လိုသူ ပြောခွင့်ရသူတစ်ဦးကတော့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ခံပြီး မြန်မာအာဏာပိုင်တွေကို အသုံးပြုခွင့်ပေးမှာကို စိုးရိမ်တဲ့အကြောင်း RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေကို စက္ကူကတ်ပုံစံကနေ ကွန်ပျူတာနဲ့ ဖတ်ရှုစစ်ဆေးနိုင်မဲ့ စမတ်ကတ်ပြောင်းလဲနေပြီး နိုင်ငံသားတွေရဲ့ဇီဝအချက်အလက်တွေကို ကောက်ယူနေပါတယ်။ ဒါကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဒီအချက်အလက်တွေ စစ်ကောင်စီ လက်ထဲရောက်သွားမှာ စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံတွင် ကြက်ခြေနီအဖွဲ့မှ ဇီဝမှတ်တမ်းများ ကောက်ယူနေသည့် မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။ (Photo: Thai Red Cross Society)


ဒီအစီအစဉ်ကို အဓိက တာဝန်ယူထားတဲ့ ထိုင်းကြက်ခြေနီအဖွဲ့က ဒုညွှန်ကြားရေးမှူး ပီချစ် ဆီရီဝမ်က အခုလို မြန်မာနိုင်ငံသားတွေဆီက ကောက်ယူထားတဲ့ ဇီဝအချက်အလက်တွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ အသုံးပြုခွင့်ပေးမှာ မဟုတ်တဲ့အကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ဒီဇီဝအချက်အလက်တွေကို ကာယကံရှင်က သဘောတူခွင့်ပြုမှသာ ကောက်ယူတာဖြစ်ပြီး၊ ငြင်းဆန်တဲ့သူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ငြင်းမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။ ဒါပေမဲ့လဲ အစိုးရအဖွဲ့တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့တွေက စုံစမ်းလာရင်တော့ မြန်မာနိုင်ငံက တစ်စုံတစ်ယောက်ဟာ ဒီစနစ်ထဲမှာ ရှိမရှိဆိုတာရယ်၊ ဂဏန်း ၁၃ လုံး အိုင်ဒီနံပါတ် ထုတ်ပေးထားသလားဆိုတာရယ်ကိုတော့ ကြက်ခြေနီအဖွဲ့က အတည်ပြုပေးခွင့်ရှိတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မှတ်ပုံတင်တဲ့နေရာမှာ အလားတူ အဖြစ်အပျက်တွေကလည်း ရှိနေတာပါ။ ၂ဝ၂၁ ခုနှစ်ကဆို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေကို မှတ်ပုံတင်ဖို့ ကောက်ခံထားတဲ့ အချက်အလက်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ဘင်္ဂလားဒေ့ရှ်အစိုးရကို အသုံးပြုခွင့်ပေးခဲ့ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စိစစ်ရာမှာ အသုံးပြုဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထပ်ဆင့် မျှဝေခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်အချို့ ကြောက်လန့်ပြီး ပုန်းအောင်းခဲ့ကြပါတယ်။

UNHCR ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သူတို့ကို ဖိနှိပ်သတ်ဖြတ်တဲ့နိုင်ငံကို မျှဝေပေးလိုက်တာဟာ အမြော်အမြင်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က ဝေဖန်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုတွင် ရိုဟင်ဂျာများ၏ အချက်အလက်များအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ဝန်ထမ်းများမှ ကောက်ယူနေစဉ်။ (Photo: UNHCR)


ထိုင်းနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံသား ၅၅ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့ပြီး၊ အဲဒီပေါက်ကြားမှုအတွက် တာဝန်ရှိတဲ့ကုမ္ပဏီဟာ မြန်မာတွေကို ဇီဝအချက်အလက် ကောက်ခံရာမှာ သုံးတဲ့ Mo Prom app ကို ဖန်တီးသူ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံဟာ ပထမဆုံးနဲ့ တစ်ခုတည်းသော ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံရေးဥပဒေကို ၂၀၂၂ ခုနှစ်ကမှ ပြဋ္ဌာန်းခဲ့တာပါ။ ဒီဥပဒေဟာ အားနည်းချက်တွေ ပြည့်နေပြီး အာဏာပိုင်တွေက လိုသလို အသုံးချလို့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီဥပဒေအရ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ ကောက်ခံတာ၊ အသုံးပြုတာတွေ မလုပ်ဖို့ အကာအကွယ်ပေးထားပေမဲ့ အရေးပေါ်ကိစ္စတွေ၊ သုတေသနနဲ့ အများပြည်သူအကျိုးရှိမဲ့ ကိစ္စတွေမှာ ဥပဒေအရ အသုံးပြုခွင့်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဒီဥပဒေဟာ ကောင်းမွန်ပေမဲ့ အကာအကွယ်အလုံအလောက် ပေးထားတာ မရှိဘူးလို့ ယူဆတဲ့အကြောင်း Myanmar Internet Project က ပြောခွင့်ရသူက ပြောပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတဲ့ ထိုင်းနည်းပညာဌာနက ချိုင် ဝတ်တီဝပ်ချိုင်ကတော့ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်သူတွေဟာ ကျန်းမာရေး ဝန်ကြီးဌာနလို အစိုးရ ဝန်ကြီးဌာနတွေဆီ လာပြီး မှတ်ပုံတင်ရမှာကို အရင်ကတည်းက ကြောက်ရွံ့တတ်ကြတာကြောင့် အခုလို အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုခုဆီမှာ မှတ်ပုံတင်ရတာကို ပိုလိုလားကြတယ်လို့ ပြောပါတယ်။

သူတို့ဟာ အစိုးရရုံးဌာနတွေဆီ လူကိုယ်တိုင်သွားပြီး တရားဝင်မှတ်ပုံတင်ဖို့ ကြောက်ရွံ့ကြပါတယ်။ ဒါပေမဲ့ လူကိုယ်တိုင်မသွားဘဲ မျက်နှာပုံစံနဲ့ မျက်လုံးပုံစံတွေ ပေးလိုက်ရုံပဲဆိုရင်တော့ မကြောက်ကြပါဘူးလို့ သူက ပြောပါတယ်။

အခုလို ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ ဇီဝအချက်အလက်တွေ ကောက်ခံနေတာနဲ့ပတ်သက်ပြီး ထိုင်းကျန်းမာရေး ဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

(RFA အင်္ဂလိပ်ဌာန၏ သတင်းဆောင်းပါးအား ကိုရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org