စစ်ကောင်စီက အရပ်သားတွေကို တိုက်ခိုက်ပြီး စစ်ဗျူဟာအမှားတွေ လုပ်ဆောင်နေ
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဟာ ဘာအကျိုးအမြတ်မှမရှိတဲ့ စစ်ရေးဗျူဟာအမှားတစ်ခုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက်အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့စစ်ရေးကျွမ်းကျင်သူပါမောက္ခ Zachary Abuzaက သုံးသပ်ပါတယ်။
-
ရဲခေါင်မြင့်မောင်(၀ါရှင်တန်ဒီစီ)
2022-11-02 -
-
-
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့က ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ အများစုပါဝင်တဲ့ လူ ၆၀ ကျော် သေဆုံးခဲ့ပြီး ကုလသမဂ္ဂနဲ့ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ပြည်တွင်းပြည်ပက တိုင်းရင်သားအဖွဲ့အစည်းတွေအားလုံးက ရှုံချကြောင်းထုတ်ပြန်ခဲ့ကြပြီး ထိခိုက်ခံစားရတဲ့ ကချင်ပြည်သူတွေနဲ့တစ်သားတည်း ရှိကြောင်း ပြသခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက်အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့စစ်ရေးကျွမ်းကျင်သူပါမောက္ခ Zachary Abuza က အခုလို မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဟာ ဘာအကျိုးအမြတ်မှမရှိတဲ့ စစ်ရေးဗျူဟာအမှားတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာစစ်တပ်က ကချင်ပြည်နယ်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်လိုက်တာဟာ စစ်ရေးဗျူဟာအရ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် တိုင်းရင်းသားအဖွဲ့တွေက NUG နဲ့ တော်လှန်ရေး အင်အားစုတွေကို အားပေးထောက်ခံနေတာ ရပ်တန့် သွားမှာ မဟုတ်ပါဘူး။ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို နေပြည်တော်ကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ယူဖို့ မက်လုံးအမျိုးမျိုးပေး စည်းရုံးနေတာ ကျွန်တော်တို့ သိထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်မြေစိုးမိုးမှုတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စီးပွားရှာခွင့်တွေပေးပြီး စည်းရုံးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေကို တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ ခွဲထုတ်ဖို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး။ အခုလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တာကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ပိုပြီး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားစေပါတယ်။ ဒါကြောင့် NUG နဲ့ PDF တပ်ဖွဲ့တွေကို ပိုပြီး ထောက်ခံလာကြဖို့ အကြောင်းပြချက် ဖြစ်သွားစေပါတယ်။”
နိုင်ငံတကာစစ်ရေးမဂ္ဂဇင်း IHS Janes Defense Weekly က စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီဒေးဗစ်ကလည်း ဒီလေကြောင်း တိုက်ခိုက်မှုတစ်ခုကြောင့် အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောက်ခံမှုလျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုမျိုးအချိန်ကိုက်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်လာနိုင်တဲ့အကြောင်းနဲ့ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နိုင်ဖို့ ဆိုတာကလည်း မြန်မာစစ်တပ်မှာရှိတဲ့ တိုက်လေယာဉ်၊ လေယာဉ်မှူး၊ လေယာဉ်တွေအတွက် လိုအပ်တဲ့စက်ပစ္စည်းကိရိယာ၊ လက်နက်ခဲယမ်းနဲ့ သုံးရမယ့် လောင်စာဆီလုံလောက်မှု ရှိ၊မရှိ စတာတွေ အားလုံးကိုထည့်စဉ်းစားရမှာ ဖြစ်တယ်လို့ အန်တိုနီဒေးဗစ်က RFA ကို ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအင်စတီကျု USIP က မြန်မာ့အရေးလေ့လာသုံးသပ်သူ Billy Ford ကတော့ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်အနန့်ပါကျေးရွာက KIO နယ်မြေအတွင်း တိုက်ခိုက်မှုဟာ လာမယ့်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ထပ်တိုးလုပ်မယ့် စစ်ရေးဗျူဟာအစဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ကချင်ပြည်နယ်က တိုက်ခိုက်မှုဟာ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ တိုးလုပ်မယ့် ကျယ်ပြန့်တဲ့ စစ်ရေးရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ မြင်ပါတယ်။ KIA ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက တော်လှန်ရေးအင်အားစုတွေကို စတင်တည်ထောင်ကတည်းက အားပေးထောက်ခံနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခုလို ဦးဆုံးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပွင့်လင်းရာသီ ရောက်လာတဲ့အချိန်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တိုးလာဖို့ ရှိပါတယ်။ မြန်မာစစ်တပ်ဟာ လာမယ့်နှစ်နွေရာသီမှာ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲ မတိုင်ခင် နယ်မြေထိန်းချုပ်မှု ပိုများများရဖို့နဲ့ အဲဒီနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့၊ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ သုံးသပ်ပါတယ်။ မြန်မာစစ်တပ်ဟာ လာမယ့် ကိုးလလောက်အတွင်းမှာ သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ တိုးချဲ့ဖို့ ကြိုးစားလာပါလိမ့်မယ်။ ”
အခုအချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်းက PDF နဲ့ တော်လှန်ရေး အင်အားစုတွေဟာ ရှုပ်ထွေးပြီး ကျယ်ပြန့်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမျိုး ရှိနေတဲ့အပြင်၊ KIA နဲ့ ညီနောင်တိုင်းရင်းသားတပ်ဖွဲ့တွေဟာ သူတို့ရဲ့တပ်တွေထဲမှာ PDFနဲ့ တော်လှန်ရေးတပ်သားတွေကို ထည့်သွင်းဖွဲ့စည်းထားတဲ့ အနေအထားမျိုးရှိနေတဲ့အကြောင်း ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ KIA ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြောဆိုမှုတွေကိုကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုင်းရင်သား တပ်ဖွဲ့တွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမှုလျော့သွားမှာ မဟုတ်တဲ့အကြောင်း Billy Ford က သုံးသပ်ပါတယ်။
အရပ်သားအစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် လွတ်လပ်တဲ့အကြံပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ လေ့လာသုံးသပ်သူ Phillp Annawittက မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဟာ စစ်ရေးမဟာဗျူဟာ ရည်မှန်းချက်တစ်ခုခုအတွက် လုပ်ခဲ့တာ မဟုတ်ဘဲ ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ တော်လှန်ရေးလှုပ်ရှားမှုတွေကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပြည်သူလူထုက လမ်းမပေါ်ထွက် ဆန္ဒပြကြတဲ့အစောပိုင်းကာလမှာ ဆန္ဒပြသူတွေကို ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ဖို့ စစ်ခေါင်းဆောင်က အမိန့်ပေးထားတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီသဘောပါပဲ။ တစ်ချိန်တည်းမှာပဲ မြန်မာ စစ်တပ်ဟာ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ ဆုံးရှုံးနေတဲ့အတွက် ဆောက်တည်ရာမရ ဖြစ်ပြီး အခုလို တိုက်ခိုက်မှုလုပ်ခဲ့တာလို့ ထင်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် KIA နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အားပေးထောက်ခံမှုတွေ လျော့ကျသွားမှာ မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ တိုးလာတာပဲ ရှိပါလိမ့်မယ်။”
မြန်မာစစ်တပ်ဟာ KIA ရဲ့ အခြေစိုက်စခန်းတွေနဲ့ KIA တပ်တွေ အသုံးပြုနေတဲ့လမ်းတံတားအခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အပြင် KIA ထိန်းချုပ်တဲ့ နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည်တွေ ဦးရေတိုးလာပြီး၊ KIA/KIO အဖွဲ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ ကချင်အရပ်သား ပြည်သူတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်လာနိုင်တဲ့အကြောင်း ဒီလိုအဖက်ဖက်က ဖိအားပေးတာ မခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့အပစ်ရပ်သဘောတူညီချက်ယူရမှာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ဟာအခုအချိန်မှာ အကျအဆုံးများပြီး ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးနေတဲ့အကြောင်း၊ နိုင်ငံအနှံ့ က ပြည်နယ်တိုင်း အားလုံးနီးပါးမှာလည်း စစ်မျက်နှာတွေ ဖွင့်ထားရတဲ့အတွက် ရှိတဲ့မြေပြင်တပ်တွေကို တစ်နေရာပြီးတစ်နေရာ ရွေ့ပြောင်းနေရာချထားနေရတဲ့အကြောင်း ဒေသတစ်ခုကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမရှိတော့ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကိုပဲ အားပြုလာနေရတဲ့အကြောင်းနဲ့ အခုပွင့်လင်းရာသီမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုများလာနိုင်တဲ့အကြောင်း နိုင်ငံတကာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။