အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အခြေအနေ
အွန်လိုင်း ကုန်သွယ်ရေးဟာ မြန်မာမှာ အစဦးအဆင့်မှာ ရှိနေသေးပေမယ့် တရုတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ဖလှယ်မှု ထူထောင်နိုင်ခဲ့ပြီး စီးပွားရေး ကွန်ရက်ကိုလည်း ချဲ့ထွင်နိုင်ခဲ့ပါတယ်။
-
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022-04-14 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၁၅ လ နီးပါးအကြာမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေး ပြန်လည်နွေးထွေးလာခဲ့ပြီး၊ အပြန်အလှန် သံတမန်ဆက်ဆံရေး တိုးမြင့်လာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ သိုသိုသိပ်သိပ်နေခဲ့ကြတာပါ။ CEME ခေါ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း တွေဟာလည်း၊ ယူနန်ပြည်နယ်ကို မြန်မာပြည် အနောက်ပိုင်းနဲ့ ထိဆက်ဖို့ နယ်စပ် လုံခြုံရေးနဲ့အတူ တရုတ်က ပုံစံထုတ်ထားတာလည်းဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းအပြီးမှာတော့ မြန်မာ့နိုင်ငံရေးနဲ့ လုံခြုံရေးစိုးရိမ်ဖွယ် အခြေအနေ ဆိုက်လာခဲ့ပြီး တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းသစ်တွေရဲ့ အလားအလာ ကလည်း မှိန်ဖျော့သွားခဲ့ရပါတယ်။
ဒါပေမဲ့ နေပြည်တော်နဲ့ ပေကျင်းဟာ သမားရိုးကျ အခြေခံအဆောက်အအုံဆိုင်ရာ ရှုထောင့်အမြင်ကနေ ကျော်လွန်ပြီး ကြည့်မြင်ခဲ့ကြကြောင်း ဒီပလိုမက်စာစောင်က ဆိုပါတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် နယ်ပယ်သုံးရပ် ရှိနေပြီး လာမယ့်လတွေအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း နဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ပေါ်ပေါက်လာမယ် လို့လည်း ဖော်ပြပါတယ်။
ပထမအနေနဲ့ တရုတ်နဲ့ကုန်သွယ်ရာမှာ တရားဝင်ငွေကြေးအဖြစ် သုံးစွဲတဲ့ တရုတ်ရဲ့ Renminbi ခေါ် ဒစ်ဂျစ်တယ်ငွေကြေးဟာ အစပျိုးအဆင့်မှာပဲရှိနေသေးပေမယ့် CBDC ခေါ် ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေးထက် ရှေ့ကပြေးနေပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အသုံးတည့်တဲ့ နည်းပညာဖြစ်တယ် လို့ ဆိုပါတယ်။ တရုတ်နဲ့ကုန်သွယ်ရာမှာ တရားဝင် ငွေကြေးအဖြစ် Renminbi ကို သုံးစွဲတဲ့အတွက် ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာ အပေါ် မှီခိုနေရတာ သက်သာသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် ဒစ်ဂျစ်တယ် Renminbi နဲ့ လာမယ့် CBDC မြန်မာကျပ်ငွေကြား တိုက်ရိုက်ဆက်စပ် ထူထောင်လိုက်တာဟာ နေပြည်တော်အတွက် မဟာဗျူဟာမြောက် ခန့်မှန်းချက်ဖြစ်သလို တရုတ်အဖို့လည်း လာမယ့်စီမံကိန်းတွေအတွက် ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေး အခွင့်အလမ်း တွေကြောင့် အကျိုးရှိမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ဒုတိယအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်လီရောင်းဝယ်ရေးကဏ္ဍဟာ အခုအခါ တရုတ်ပုဂ္ဂလိက ကဏ္ဍရဲ့ မဟာဗျူဟာ ရှေ့တန်းစခန်းဖြစ်လာနေပါတယ်။ တရုတ် အလီဘာဘာကုမ္ပဏီပိုင် အွန်လိုင်းကုန်သွယ်ရေးဆိုရင် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ဈေးကွက်ကို ရရှိထားပြီး ဖြစ်ပါတယ်။ အွန်လိုင်း ကုန်သွယ်ရေးဟာ မြန်မာမှာ အစဦးအဆင့်မှာ ရှိနေသေးပေမယ့် တရုတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ဖလှယ်မှု ထူထောင်နိုင်ခဲ့ပြီး စီးပွားရေး ကွန်ရက်ကိုလည်း ချဲ့ထွင်နိုင်ခဲ့ပါတယ်။
တတိယအနေနဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးဆိုင်ရာ သံရေးတမန်ရေးမှာ တရုတ်က မြန်မာကို တရုတ် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာ လွှဲပြောင်းပေးခဲ့ပြီး၊ Myancopharm ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံလုပ် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ ယှဉ်ပြိုင်သူမရှိတဲ့အတွက် မြန်မာနိုင်ငံတွင်းက တရုတ်ကိုဗစ်သံတမန်ရေးဟာ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးဈေးကွက်မှာ တရုတ် ဆေးဝါးကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံကြဖို့ လမ်းပွင့်သွားမှာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒေါ်လာနဲ့ ကျပ်ငွေတန်ဖိုး ကွာဟချက်က ကြီးမားနေတဲ့အတွက် တင်သွင်းတဲ့ ဆေးဝါးတွေ ဈေးနှုန်းကြီးမြင့်နေပါတယ်။
လက်ရှိမှာတော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်း CEME အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အကောင်အထည်ဖော်ရေးဟာ နေပြည်တောနဲ့ ဘေကျင်းရဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်ထဲမှာသာ ရှိနေပါသေးတယ်။