ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ UEC ယူဆ
2019.11.13

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ နေ့စဉ်တိုက်ခိုက်နေတဲ့အတွက် လာမယ့်နှစ် တိုက်ပွဲဖြစ်နေတဲ့ မြို့တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတော့မလားလို့ ရခိုင်နိုင်ငံရေး ပါတီတွေက စိုးရိမ်မှုရှိပါတယ်။
ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ ကျင်းပနိုင်ရေးနဲ့ မဲဆန္ဒရှင် ပြည်သူတွေအတွက် လုံခြုံပြီး ဖိအားမရှိတဲ့ အခြေအနေဖြစ်ရေးအတွက် တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးပါတီတွေ ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ယူဆကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရခိုင်ပြည်နယ်က မြို့နယ် အားလုံးမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ လက်ရှိ အချိန်အထိ ဆုံးဖြတ်ချက်ချထားတယ်လို့ ပြောပါတယ်။
၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ မဲရုံမရှိခဲ့တဲ့ "ဝ" နဲ့ မိုင်းလားတို့လို ဒေသတွေမှာပါ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ရှမ်းပြည်နယ်မှာ နယ်မြေမငြိမ်သက်လို့ မဲဆန္ဒနယ် တစ်ရာကျော်ရှိတဲ့အနက် မဲဆန္ဒနယ် ၃၀ ဝန်းကျင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပါ။
ရွေးကောက်ပွဲကော်မရှင်က အခြေခံ မဲစာရင်းကောက်ယူခဲ့ပြီး ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ကျေးရွာတချို့မှာတော့ ကောက်ယူဖို့ ကျန်နေသေးတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး မြောက်ပိုင်း မြို့နယ် ကိုးခုမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှသာ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် အမတ်တွေ ပေါ်ပေါက်လာနိုင်ပြီး ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်တွင်းသာမက နိုင်ငံတကာကိုပါ တရားဝင်တင်ပြ ဖော်ထုတ်နိုင်မယ်လို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အများဆုံးမှာ အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP က ယုံကြည်ပါတယ်။
ရခိုင်ဒေသ မဲဆန္ဒရှင် ပြည်သူ အများစုက နိုင်ငံရေးအရ ပေါ်ပေါ က်လာတဲ့ ရွေးကောက်ပွဲကို ယုံကြည်ကိုးစားမှု အားနည်းလာပြီး လက်နက်ကိုင်တော်လှန်ရေးအပေါ် ပိုမိုအားထားလာတာကို စိုးရိမ်မိတယ်လို့ ANP ခေါင်းဆောင်ပိုင်းက ပြောပါတယ်။
ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က တပ်မတော်နဲ့ AA တို့ နှစ်ဘက်လုံးအနေနဲ့ ပြည်သူလူထုကို တကယ်သံယောဇဉ်ရှိပြီး ချစ်ခင်ကြင်နာတယ်ဆိုရင် ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖို့ တိုက်တွန်းပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့က ပုံမှန်အားဖြင့် တစ်နှစ် ဝန်းကျင်ခန့် လိုနေသေးတာကြောင့် တွေ့ဆုံ ဆွေးနွေးပွဲတွေကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ့်လို့ သူက မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ AA နဲ့ KIA တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး တွေ့ဆုံမယ့်နေရာ မသတ်မှတ်နိုင်သေးဘဲ ညှိနှိုင်းနေရဆဲပါ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ရွေးကောက်ပွဲကို ဟန်ပြ မဟုတ်ဘဲ စံပြဖြစ်အောင်လုပ်မယ်လို့ ဒီနေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့အပြင် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျစေရမယ်လို့ စံနှုန်း သတ်မှတ်ထားကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် လူထုကြား နာမည်ပျက်နဲ့ ကျော်ကြားနေတဲ့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြဿနာ တစ်စုံတရာ မရှိအောင် ဂရုစိုက်ရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။
"ဝ"နဲ့ မိုင်းလားတို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ရှိတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို မေးမြန်းခွင့် မရခဲ့ပါဘူး။
နိုင်ငံအနှံ့အပြား အငြင်းပွားဖွယ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးရမယ့် တပ်တွင်းမဲရုံတွေ ပြင်ပကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က တိတိကျကျ ပြောမသွားပါဘူး။
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် အတိအကျကို ကော်မရှင်က တရားဝင် မကြေညာသေးပေမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပဖွယ်ရှိတယ်လို့ အကဲခတ်တချို့က ယူဆနေပါတယ်။