ပုံစံမျိုးစုံနဲ့ တော်လှန်ရေး ရန်ပုံငွေရှာနေကြတဲ့ ဗြိတိန်ရောက် မြန်မာများ

ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူတွေကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့နေကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တစ်နေရာတွင် စစ်ကောင်စီကို ဆန္ဒပြနေကြသည့် မြန်မာနိုင်ငံသားများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Click To Fight – UK

ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူတွေကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့နေကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ဗြိတိန်နိုင်ငံ လန်ဒန်ရောက်မြန်မာတွေ ခြေလျင်လျှောက်ပြီး ပြည်တွင်းကသူတွေကို ထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာခဲ့ကြပါတယ်။

မနက် ၆ နာရီလောက်ကတည်းက လန်ဒန်မြို့ အနောက်တောင်ဘက် Hampton/ Richmond အရပ်မှာစုပြီး မိုင်ပေါင်း ၂၆ မိုင် မြို့လယ်အထိ ခြေကျင်ခရီးနှင် ရန်ပုံငွေရှာကြတာပါ။

လမ်းလျှောက်ပြီး ရန်ပုံငွေရှာတဲ့သူတွေထဲ အသက် ၄၃ နှစ်အရွယ် မလွင်လည်း ပါပါတယ်။

"တစ်ယောက်မှ အားကစားသမားတွေမပါပါဘူး။ အကုန်လုံးက သာမန်လူတွေဆိုတော့ ဆယ်မိုင်ပြည့်အောင် လျှောက်ဖို့ဆိုတာ ခက်ခဲတယ်။ မိုးထဲလေထဲမှာ ၂၆ မိုင်ပြည့်အောင် မလျှော့တဲ့ဇွဲနဲ့ လျှောက်ခဲ့ရတယ်"

မလွင်အတွက်တော့ ဒီလမ်းလျှောက်တဲ့ လှုပ်ရှားမှုက ဘာမှမပြောပလောက်ပါဘူး။ သူဟာ ပြီးခဲ့တဲ့နှစ် ဒီလထဲမှာပဲ ဆံပင်ဖြတ် ကတုံးတုံးပြီး ရန်ပုံငွေရှာခဲ့ပါသေးတယ်။

"ဒါကတုံးကနေ ဆံပင်ပြန်ပေါက်ထားတာ၊ မနှစ်က ရှစ်လေးလုံးမှာပဲ"

"ပြည်တွင်းထဲမှာ ဒုက္ခခံနေရတဲ့ ကျမတို့ မြန်မာပြည်သူပြည်သားတွေနဲ့ တစ်သွေးတည်း တစ်သားတည်းရှိတယ်။ ဒီ IDP တွေ၊ စစ်ဘေးရှောင်တွေနဲ့ ပြေးနေလွှားနေသူတွေနဲ့ တစ်သွေးတည်း တစ်သားတည်းရှိတယ်။ တောထဲက PDF ညီအစ်ကို မောင်နှမတွေနဲ့ တစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတာ ပြသတာ"

ဆံပင်ဖြတ်၊ ကတုံးတုံးတဲ့ လှုပ်ရှားမှုကနေ မလွင်တို့အဖွဲ့ စတာလင်ပေါင်တစ်သောင်းကျော် ရန်ပုံငွေရှာနိုင်ခဲ့ပြီးတော့ ဒီလမ်းလျှောက်တဲ့ လှုပ်ရှားမှုကနေ စတာလင်ပေါင်လေးသောင်းကျော် ရှာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီငွေလေးသောင်းကျော်ကို NUG ကျန်းမာရေးနဲ့ လူကယ်ပြန်ဝန်ကြီးတွေကနေတစ်ဆင့် မြန်မာပြည်သူတွေဆီ လှူသွားဖို့ ရှိနေပါတယ်။

"UK မှာရှိတဲ့ တော်လှန်ရေး ညီကိုမောင်နှမတွေ အကုန်လုံးက ပိုက်ဆံ ဘယ်လိုရှာလို့ရမလဲပဲ စဉ်းစားနေတာ၊ ဒီတော်လှန်ရေး သုံးနှစ်အတွင်းမှာ ကိတ်မုန့်ဖုတ်သူကဖုတ်၊ ဗမာမုန့်လုပ်သူတွေကလုပ်၊ တိုင်းရင်းသားအစားအစာ လုပ်သူတွေကလုပ် ရှာကြဖွေကြ၊ ကြာလာတယ်ဆိုပေမဲ့ ကျမတို့ အားသွန်ခွန်စိုက်သွားနေဆဲပါ"

မလွင်လိုပဲ ရန်ပုံငွေရရင် အကုန်လုပ်မယ့်သူတွေထဲ ဒေါ်ရှင်ဂွမ်းဂွိလည်း ပါပါတယ်။

"အလုပ်လုပ်နေတဲ့သူတွေ အားလုံးကိုမေးကြည့်လိုက်၊ အားလုံးက အပိုဝင်ငွေရအောင် ပံ့ပိုးနေကြတယ်။ ဆရာဝန်အများစုလည်း အချိန်ပိုလုပ်ကြတယ်။ တခြားစီးပွားရေး လုပ်သူတွေလည်း အချိန်ပို လုပ်ရင်လုပ်၊ မလုပ်ရင်သူတို့ ဟင်းချက်ရောင်းတာလုပ်၊ အလုပ်မျိုးစုံလုပ်နေကြတယ်။ ငွေတစ်နည်းမဟုတ်၊ တစ်နည်းဝင်အောင် လုပ်နေကြတယ်"

"တောင့်ထားကြပါ… အိမ်ပြန်ရမယ့်အချိန် မဝေးတော့ပါဘူးလို့ ပြောချင်တယ်"

ဒေါ်ရှင်ဂွမ်းဂွိကတော့ ရှစ်လေးလုံးအရေးတော်ပုံပြီးကတည်းက လန်ဒန်ကို ရောက်လာတာ အခုဆို အနှစ် ၂ဝကျော်ရှိပါပြီ၊

"အခုမြန်မာပြည်ကို ပြန်ကြည့်ရင် တစ်ခုမှစိတ်ချမ်းသာစရာမရှိဘူး။ ကင်ဆာဖြစ်တဲ့သူတွေ ကင်ဆာဆေးမထိုးနိုင်ဘူး။ ဘာရောဂါဖြစ်ဖြစ်၊ ကိုဗစ်တုန်းကဆို ဆေးမထိုးနိုင်ဘူး။ အောက်ဆီဂျင်မရဘူး။ အသက်တွေ ဘယ်လောက်သေခဲ့ရလဲ၊ အကုန်ပြန်စဉ်းစားရင် ဘယ်လိုလူတွေက ငုတ်တုတ်ထိုင်နေနိုင်မလဲ၊ နေနိုင်ရင်တောင် အဲဒီလူတွေ လူလိုတွေးကြရဲ့လားလို့ စိတ်ထဲမှာဖြစ်တယ်။ မနေနိုင်ဘူး"

ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြသူတွေကိုလည်း လက်မလျှော့ကြဖို့ သူကမှာပါတယ်။

"ကိုယ့်သားအရွယ် ကိုယ့်သမီးအရွယ် တူ၊တူမတွေအရွယ်၊ အရွယ်ကောင်းတော့မှ လက်ကျိုးခြေချိုးဖြစ်ကြရတယ်။ မျက်စိကွယ်၊ အသက်ဆုံးရှုံးရတယ်။ သူတို့တောင် ဒီလောက်ကြမ်းတမ်းတဲ့လမ်းကို လျှောက်နေတာ၊ ငါတို့က ဘာလို့ရှာလို့ရတဲ့ငွေနဲ့ မပံ့ပိုးနိုင်မလဲ စိတ်အမြဲရှိတယ်။ သူတို့တွေ အကူအညီတောင်းတိုင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ပို့တယ်။ ကြံ့ကြံ့ခံထားကြပါ။ တောင့်ထားကြပါ၊ အိမ်ပြန်ရမယ့်အချိန် မဝေးတော့ပါဘူးလို့ ပြောချင်တယ်"

ဗြိတိန်နိုင်ငံရောက် မြန်မာတွေဟာ ပြည်တွင်းအတွက် နည်းမျိုးစုံနဲ့ ရန်ပုံငွေရှာကြရုံသာမက ရုံးပိတ်ရက်တွေ၊ အခါကြီး ရက်ကြီးတွေမှာ လန်ဒန်မြို့ အထင်ကရနေရာတွေကိုသွားပြီး ဆန္ဒပြကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နေအိမ်ရှေ့ ပါလီမန်အဆောက်အဦရှေ့ လမ်းလျှောက်ချီတက်ပြီး အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ပိုတိုးလုပ်ဖို့ တောင်းဆိုကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တစ်နေရာတွင် စစ်ကောင်စီကို ဆန္ဒပြနေကြသည့် မြန်မာနိုင်ငံသားများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Click To Fight – UK)

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဗြိတိန်ရောက် မြန်မာအသိုင်းအဝိုင်းအားလုံးပေါင်းပြီး အမေရိကန်ဒေါ်လာ ၅.၈ သန်း ပြည်တွင်းကို ထောက်ပံ့နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကိုက ပြောပါတယ်။

"၂ဝ၂၂ ကနေ ၂ဝ၂၃ ဧပြီလထိ ဘတ်ဂျက်မှာ စုစုပေါင်း ၅.၈ သန်း အမေရိကန်ဒေါ်လာရရှိထားပါတယ်။ ရရှိတဲ့ဟာတွေကို မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေဆီရောက်အောင်ပို့ပါတယ်။ အထူးသဖြင့် NUG အစိုးရက ကြီးကြပ်ကွပ်ကဲနေတဲ့နေရာတွေဆီရောက်အောင်ပို့ပါတယ်။ EROs တွေ၊ IDPs တွေဆီပို့တယ်။ နောက်တော့ ကျွန်တော်တို့ခေါ်တဲ့ အသုပ်စုံပေါ့ နေရာပေါင်းစုံပို့တယ်"

ဒေါက်တာသက်ကိုကိုဟာ အာဏာမသိမ်းခင်ကတည်းက ဗြိတိန်မှာနေပြီး ဆရာဝန်အလုပ်လုပ်သူဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးအောင်နိုင်ဖို့ ပြည်ပရောက် မြန်မာတွေရဲ့အားဟာအရေးပါတယ်လို့ သူကဆိုပါတယ်။

"တော်လှန်ရေး ဆက်နေတာ ပြည်တွင်းကလည်း အများကြီးပါပါတယ်။ ဒါပေမဲ့လည်း ပြည်ပကိုအားကိုးတယ်။ ပြည်ပမှာ မြန်မာနိုင်ငံသား သန်းနဲ့ချီနေတယ်။ အနည်းဆုံးခြောက်သန်းကနေ ဆယ်သန်းရှိတယ်။ ဒီလူတွေ အားကအများကြီးပါပဲ"

အင်္ဂလန်မှာလိုပဲ ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူတွေကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့နေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပံ့ပိုးနေသူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org