ကုလညီလာခံ ကျင်းပနေချိန် မြန်မာစစ်တပ် အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေညီလာခံ ကျင်းပနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားပါတယ်။
- 2022-09-20
-
-
-
ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်မှာ မြန်မာစစ်တပ်ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်မသွားဘဲ ဆက်တိုက်ဆက်ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဆီယံလွှတ်တော်အမတ်တွေက ပြောဆိုနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို အမြန်ဆုံး ပြင်းပြင်းထန်ထန် အရေးယူဖို့လိုပြီလို့ တောင်းဆိုကြပါတယ်။
"စစ်တပ်က အကြမ်းဖက်မှုမျိုးစုံကို သုံးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာပါ"
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေညီလာခံ ကျင်းပနေတဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို လက်ပိုက်ကြည့်မနေသင့်ဘဲ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုပြီလို့ အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ APHR က ညီလာခံမတိုင်ခင် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
ကုလညီလာခံပြင်ပမှာ အာဆီယံ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတချို့က ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရောက်နေပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေက ရပ်တန့်မသွားသေးတာကြောင့် အမေရိကန်အစိုးရအကြံပေးအဖွဲ့နဲ့ တွေ့ဆုံတဲ့အချိန်ကျရင် မြန်မာစစ်တပ်ကို ပိုဖိအားပေးဖို့ တောင်းဆိုသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြန်လည်ခုခံကာကွယ်နိုင်အောင် အရပ်သားပြည်သူတွေကို အထောက်အပံ့ပေးရမယ်လို့လည်း ဦးအောင်မျိုးမင်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့တို့နဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။
"စစ်တပ်က အကြမ်းဖက်မှုမျိုးစုံကို သုံးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာပါ။ ဒါဟာ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အရပ်သားပြည်သူတွေကို ထောက်ပံ့ပေးရပါမယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ပြန်ကာကွယ်နိုင်အောင်လို့ ကျနော်တို့တွေ အရပ်သားပြည်သူတွေကို ထောက်ပံ့ပေးရပါမယ်"
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ သောကြာနေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားပါတယ်။
စစ်ကောင်စီကတော့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြဖို့ လုပ်ကြံဖန်တီးတဲ့လုပ်ရပ်ဖြစ်ပြီး ဒေသခံ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့လုပ်ရပ်သာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုပါတယ်။
RFA နဲ့ စကားပြောခဲ့တဲ့ မျက်မြင်ကြုံခဲ့သူ ကျောင်းသားမိဘတွေကတော့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စင်း တစ်နာရီနီးပါး ကြာအောင် စာသင်ကျောင်းကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောထားပါတယ်။
ကလေးသူငယ်အရေး လှုပ်ရှားတဲ့ ကုလသမဂ္ဂအဖွဲ့တွေဖြစ်တဲ့ Save the Children နဲ့ Unicef တို့ကတော့ ကလေးတွေ သေဆုံးရတဲ့ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။
" ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအတွက် ကုလကိုယ်စားလှယ်နေရာကို ကာကွယ်ပေးရပါမယ်"
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာလ ၁၆ ရက် ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံက တင်ပြတဲ့ resolution ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ဖြန့်ဝေခဲ့တယ်လို့ အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြပါတယ်။
ဒီမူကြမ်းမှာ မြန်မာပြည်တွင်းအကြမ်းဖက်မှုတွေ အဆုံးသတ်ရေး လက်နက်လွှဲပြောင်းတာတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ဆိုတဲ့ အချက်တွေ ပါတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲ့ဒီမူကြမ်းကို အဆုံးအဖြတ်ပေးရဖို့ရှိနေပြီး မြန်မာစစ်တပ်ကို ထောက်ခံနေတဲ့ ရုရှားအနေနဲ့ ဗီတိုအာဏာသုံးနိုင်တဲ့ အခြေအနေရှိနေပါတယ်။
APHR အဖွဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ မစ္စတာ Charles Santiago က နိုင်ငံတကာအနေနဲ့ အရေးယူဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။
"နိုင်ငံတကာအနေနဲ့ မြန်မာပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံဖို့ ပျက်ကွက်နေပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ဖို့ ပျက်ကွက်နေပါတယ်။ အခုအချိန်မှာ မြန်မာပြည်သူတွေနဲ့ အတူရပ်ရမယ့်အချိန်ပါပဲ။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအတွက် ကုလကိုယ်စားလှယ်နေရာကို ကာကွယ်ပေးရပါမယ်။ မြန်မာ့ဒီမိုကရေစီရေး ရှေ့ဆက်သွားနိုင်အောင် ကူညီပေးရပါမယ်။ ကျနော်တို့ တစ်ဖက်ကို ပြန်ကြည့်ရင် တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်ကောင်စီကို ထောက်ခံပံ့ပိုးနေပါတယ်။ သူတို့တွေဟာ မြန်မာ့ဒီမိုကရေစီရေးကို မထောက်ခံဘဲ စစ်ကောင်စီရဲ့ဘက်က ၁ဝဝ ရာခိုင်နှုန်းမက ကာကွယ်ထောက်ခံနေတာပါ။ ဒါဟာ နိုင်ငံတကာကို သတိပေးနေတာပဲ။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အခုမရပ်ဘူးဆိုရင် အဲဒီနိုင်ငံတွေက ဝါးမျိုသွားပါလိမ့်မယ်"
ကုလသမဂ္ဂနဲ့နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားကပဲ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ ရပ်တန့်မသွားတာကြောင့် ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ကြဖို့ မြန်မာပြည်သူတွေက တောင်းဆိုနေတာဖြစ်ပါတယ်။