ချင်းပြည်နယ် လေဆိပ်စီမံကိန်း နှစ်ခု အပြီးသတ်ဖို့ ခက်ခဲနေ
တောင်ထူထပ်တဲ့ ချင်းပြည်နယ်မှာ လေယာဉ်ကွင်း နှစ်ခု တည်ဆောက်ရေး လုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကျရောက်မှု အပါအဝင် ကြိုတင်တွက်ဆ လို့ မရနိုင်တဲ့ အခက်အခဲတချို့ကြောင့် နှောင့်နှေးကြန့်ကြာနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
-
ဆလိုင်းကေတီဟောက်ခိုင်
2020-06-16 -
-
-
တောင်ထူထပ်တဲ့ ချင်းပြည်နယ်မှာ လေယာဉ်ကွင်း နှစ်ခု တည်ဆောက်ရေးလုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကျရောက်မှု အပါအဝင် ကြိုတင်တွက်ဆလို့ မရနိုင်တဲ့ အခက်အခဲတချို့ကြောင့် နှောင့်နှေးကြန့်ကြာ နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်၊ တိုင်း ၁၄ ခုမှာ လေယာဉ်ကွင်း မရှိသေးတာဆိုရင် ချင်းပြည်နယ် တစ်ခုသာ ရှိပါတယ်။ လက်ရှိအချိန် မှာတော့ ချင်းပြည်နယ်မှာ လေယာဉ်ကွင်း နှစ်ခုကို တစ်ပြိုင်နက် တည်ဆောက်နေပါတယ်။
ပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့အနီး ဆူရ်ဘုန်လေဆိပ်စီမံကိန်းဟာ test run လို့ ခေါ်တဲ့ လေယာဉ် စမ်းသပ် ဆင်းတက်ပျံသန်းမှုလုပ်ဖို့ ကျန်နေပြီး အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေးစက်ပစ္စည်း ကုမ္ပဏီက စေလွှတ်မယ့် ပညာရှင်တွေ လာရောက် စမ်းသပ်မယ့်အစီအစဉ်ကလည်း ကပ်ဘေးကြောင့် ကြန့်ကြာနေတယ်လို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ပြောပါတယ်။
"ဆူရ်ဘုန်လေယာဉ်ကွင်းက အခု ၉၅%လောက် ပြီးစီးနေပါပြီ။ ကျန်တာက test run လုပ်ဖို့ပဲ ကျန်တာပါ။ ကျနော်တို့ ပို့/ဆက်ဝန်ကြီးဌာနကနေ ကျွမ်းကျင်သူတွေနဲ့ လေယာဉ် test run လုပ်သွားမှာပါ။ အဲတာကို ဒီလအတွင်းမှာ လုပ်မှာပါ။ နောက်ပြီးတော့ ကျနော်တို့အဓိကက လေယာဉ်နဲ့ အောက် background ဆက်သွယ်တဲ့ စက်တွေက USက ဝယ်ထားတာ၊ အဲဒီပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာလို့မရဘူး ဖြစ်နေတယ်။ အဲဒါနဲ့ သူတို့ဘက်က အပိုင်းနည်းနည်း ကျန်တာပေါ့နော်။ အဲဒါပြီးရင်တော့ အားလုံး ၁၀၀% ပြီးသွားမယ်”
လွန်ခဲ့တဲ့ ၅ နှစ်က စတင် တည်ဆောက်ခဲ့တဲ့ အဲဒီကွင်းမှာ လေယာဉ်ပြေးလမ်းက အရှည် ပေ ၆၀၀၀ ရှိပါမယ်။ ခရီးသည် ၆၀ အထိ တင်ဆောင်နိုင်တဲ့ လေယာဉ်တွေ ဆင်းသက်နိုင်မယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှာလည်း အသေးစား လေယာဉ်ကွင်း တစ်ခု တည်ဆောက်နေတာ ၇၅% ပြီးစီးနေပါပြီ။
လိုင်လင်းပီကွင်း တည်ဆောက်ရေးလုပ်ငန်းမှာ မျှော်လင့်မထားခဲ့ကြတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တည်ဆောက်ရေးပိုင်း တာဝန်ရှိသူ ဦးဇမ်းခန့်စိန်းက ပြောပါတယ်။
“အခုက ၇၅% ၈၀% ပြီးပြီ။ ဒါပေမဲ့ ခက်တာက ဘာလဲဆိုတော့ မြေကြီးထဲမှာ ပုန်းနေတဲ့ ကျောက်ဆောင်ကြီး ရှိတယ်။ အဲဒီကျောက်ဆောင်ကို မိုင်းခွဲရမယ်။ အဲဒီမိုင်းက မရဘူးဖြစ်နေတာ။ မမျှော်လင့်ဘဲနဲ့ ကျောက်ဆောင် တွေ့ရတာ ဆိုတော့ ဒိုင်းနမိုက်ကိုလည်း အိန္ဒိယကိုလည်း မှာထားတယ်။ အဲဒါရောက်ရင် ခွဲလိုက်ရင် သိပ်တော့ ကြာမှာမဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် လိုင်လင်းပီက ဆက်သွယ်ရေး တအား ခက်ခဲတဲ့နေရာ ဖြစ်တယ်ဆိုတော့ ဒီအတွက်လည်း တော်တော်လေး အဆင်ပြေမယ်လို့ မြင်တယ်”
မနှစ်က စတင် တည်ဆောက်နေတဲ့ လိုင်လင်းပီကွင်းရဲ့ လေယာဉ်ပြေးလမ်းအရှည် ပေ ၂၆၀၀ ပေ ရှိပါတယ်။
ချင်းတောင်တန်းတွေဟာ သက်နုတောင်တန်းတွေဖြစ်တာကြောင့် လက်ရှိဖောက်လုပ်ထားတဲ့ ကားလမ်းတွေမှာ မြေပြိုမှုတွေနဲ့ မကြာခဏ ကြုံရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းက အသည်းပုံ ရိဒ်ရေကန်၊ တောင်ပိုင်းက နတ်မတောင် အမျိုးသားဥယျာဉ်နဲ့ တခြား ရှုခင်းလှပတဲ့ နေရာတွေရှိတာကြောင့် လေယာဉ်ပျံသန်း ပြေးဆွဲနိုင်မယ်ဆိုရင် အနာဂတ်မှာ ခရီးသွားလုပ်ငန်း တိုးတက်လာမယ်လို့ ချင်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဆလိုင်းလျန်လွဲက RFA ကို ပြောပါတယ်။
“ချင်းပြည်နယ်မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်နေတာပါ။ ဒီဟိုတယ်နဲ့ ခရီး သွားလာရေး လုပ်ငန်းမှာ အထူးသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေ ချင်းပြည်နယ်ကို ကားလမ်းနဲ့ လာမယ်ဆိုရင် အချိန်အကြာကြီး ပေးရပါတယ်။ တစ်နေကုန် ပင်ပင်ပန်းပန်းနဲ့ ကားစီးရတယ်။ အဲဒီ တစ်ဆင့်နဲ့တစ်ဆင့် ကားစီးပြီး ပင်ပန်းတဲ့အခါမှာ အချိန်လည်း ကုန်တယ်။ ချင်းပြည်နယ်ကို အလည် လာချင်ပေမယ့် လွယ်လွယ်နဲ့ ရောက်မလာနိုင်ဘူး။ အဲဒီကိစ္စကလည်းပဲ လေယာဉ်ကွင်း ရှိခြင်းအားဖြင့် ပြည်တွင်းပြည်ပ ခရီးသည်တွေ၊ ချင်းပြည်နယ်ကို အလည်လာချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တော်တော် များများက လေယာဉ်နဲ့လာပြီးတော့ အချိန်တိုတိုနဲ့ လည်ပတ်နိုင်မှာ ဖြစ်တဲ့အတွက် စီးပွားရေးအပိုင်းမှာ တော်တော်လေး အကျိုးဖြစ်မှာ ဖြစ်ပါတယ်”
ချင်းပြည်နယ်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအကျော်လောက်မှာ လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲခဲ့ပြီး လက်ရှိအချိန်မှာတော့ အဲ့ဒီအချိန်ကထက် သိသိသာသာ ကောင်းမွန်လာခဲ့ပေမယ့် တစ်ပြည်နယ်လုံးရဲ့ ၇၀ ရာခိုင်နှုန်းကိုသာ အဆင်ပြေပြေနဲ့ သွားလာနိုင်သေးပါတယ်။