UPDJC ဆွေးနွေးပွဲကို ဖိတ်ထားတဲ့ အဖွဲ့အားလုံး တက်ရောက်ဖို့ မသေချာ
အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ငါးဖွဲ့ကို ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲ တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားထားပေမယ့် အဲဒီအဖွဲ့အားလုံးတက်ရောက်ဖို့ မသေချာဘူးလို့ ပြောကြပါတယ်။
-
2018-10-30 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်နဲ့ လုပ် ငန်းလမ်းညွှန်ပြန်လည်သုံးသပ်မယ့် အလုပ်အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မတက်ရောက်ကြဘူးလို့ သိရပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ လာမယ့် နိုဝင်ဘာ လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မိုင်းလားအဖွဲ့လို့ သိကြတဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIA / KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ တက်ရောက်ဖို့ အစိုးရက အောက်တိုဘာလ ၂၅ ရက်နေ့က ဖိတ်ကြားထားတာဖြစ်ပါတယ်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက အစည်းအဝေးမတက်မယ့် အဖွဲ့တွေရှိပေမယ့် တက်ရောက် လာမယ့် အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ ပြောပါတယ်။
"နိုဝင်ဘာ ၁၊ ၂၊ ၃ ရန်ကုန်မှာ မူဘောင်ပြန်လည်သုံးသပ်တဲ့ ညှိနှိုင်းပွဲလုပ်ဖို့ ကျနော်တို့ဖက်ကတော့ ဖိတ်စာတွေ ပို့လိုက်ပါပြီ၊ ဒါကတော့ UPDJC က Joint body ရယ် အတွင်းရေးမှူးတွေအားလုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာဖြစ်တဲ့အတွက် နိုဝင်ဘာ ၁၊ ၂၊ ၃ ရန်ကုန်မှာ NRPC ရုံးမှာလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ ကျနော်တို့ဖက်က ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်၊ ကျနော်တို့ ရလာတဲ့ရလဒ်တွေကိုလည်း UPDJC မှာပဲ တင်ပြပြီးတော့ အတည်ပြုချက်ကို ရယူဖို့ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်ကိုတော့ UPDJC ဆုံးဖြတ်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်မယ့် အနေအထားပါပဲ EAO ဖက်က အားလုံးမတက်နိုင်ရင်တောင်မှ တက်ရောက်လာမယ့် သူတွေနဲ့ ဆက်လက်ပြီး ကျင်းပရမယ့်အနေအထားဖြစ်တယ်ဗျ"
အဲဒီအစည်းအဝေးကို UPDJC အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကတော့ တက်ရောက်တော့မှာမဟုတ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ အတိအလင်းဖော်ပြထားပါတယ်။
UWSA ဝ အဖွဲ့နဲ့ KIA အဖွဲ့တို့ကလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တို့ ဖြစ်ကြတဲ့ AA MNDAA နဲ့ TNLA တို့ တွေ့ဆုံပွဲကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ အစိုးရဖက်က ဖိတ်ကြားထားတာလည်း ရှိနေပါတယ်။
UWSA ဝ အဖွဲ့ကတော့ ရန်ကုန်မှာ ကျင်းပမယ့်အစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းတွေအရ သိရလို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်လို့မရခဲ့ပါဘူး။
KNPP အဖွဲ့အနေနဲ့ ရန်ကုန်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲဖိတ်စာကို လက်ခံရရှိတယ်လို့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောပါ တယ်။
"ကျနော် ဗဟိုကိုပဲ ဆက်ပို့လိုက်တယ်၊ ဒါပေမဲ့ အကြောင်းမပြန်ကြဘူး၊ ဒါပေမဲ့ ဒီနေ့ သူတို့အစည်းအဝေး ထိုင်ကြတယ် ပြောတယ် ဘယ်သူတက်မလဲ အစည်းအဝေးတက်မလား မတက်ဘူးလားကိစ္စ ကျနော် မသိရသေးဘူးဗျ ရက်ကလည်းကပ်နေပြီ"
ရန်ကုန်က UPDJC နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ နောက်ထပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရ ခဲ့ပါဘူး။
KIO အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး နော်ဘူကတော့ KIO ဗဟိုခေါင်းဆောင်တွေဖက်က တစ်စုံတစ်ရာ ညွှန်ကြားတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။
"ကျနော် ဘာမှမကြားမိဘူးခင်ဗျ၊ ကျနော်တို့ကို အထက်ကလူကြီးတွေ ဘာမှညွှန်ကြားထားတာ မရှိသေးဘူး၊ အဲဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်တို့ကတော့ အဆင်ပြေမှာပါ၊ ခုတစ်လောတော့ သူက ဒီမှာ လည်းမရှိဘူး၊ ခရီးထွက်သွားတယ် ကြားတယ်"
UPDJC အစည်းအဝေးမှာ ဖိတ်ကြားခံထားရတဲ့ ၅ ဖွဲ့ထဲမှာ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP နှစ်ဖွဲ့သာ တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း ကျန်အဖွဲ့တွေကတော့ ခုထိ အကြောင်းပြန်တာ မရှိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောကြားခဲ့ပါတယ်။
ခုလို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖုအထစ်လေးတွေက ဖြစ်စမြဲပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်း စိုးနိုင်က ပြောပါတယ်။
"အခုက KNU ဥက္ကဋ္ဌက နောက်ဆွေးနွေးပွဲတွေ မတက်တော့ဘူးတို့ RCSS ကလည်း ခွဲထွက်ခွင့်ဆိုတဲ့ကိစ္စဟာ ပြည်သူ့ဆန္ဒခံယူပြီးမှသာလျှင် လုပ်နိုင်မယ် ဘာညာဆိုတာတွေကတော့ အကွေ့အကောက်လေးတွေ ဖြစ်လာတာပေါ့။ KNPP ဆိုရင်လည်း တပ်မတော်နဲ့ ထိတွေ့မှုတွေရှိပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေရှိပြီးတော့ တစ်ပြိုက်နက် ဒါက အဖုအထစ်ဖြစ်တာပေါ့ဗျာ၊ အခု ဝ အဖွဲ့ကလည်း အမှန်က ဒီအခွင့်အရေး သူတို့ရသင့်တယ်ဗျ၊ သူတို့ဖက်က အဆင်သင့်မဖြစ်သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒီကိစ္စကို ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်သူက သူတို့ ဗဟိုကော်မတီထဲမှာ မရှိဘူးလေဗျာ၊ UPDJC ထဲမှာ လာပြောဖို့ဆိုတာ သူတို့အတွက်တော့ အကန့်အသတ် ရှိတယ်၊ သူမလာတောင် KIA တော့ လာကောင်းလာနိုင်တယ် ထင်ပါတယ်၊ KIA ကျတော့ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်တာကိုဗျ"
NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုလို UPDJC နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်ရောက်ဆွေးနွေးနိုင်တာဟာ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ဖိတ်ကြားခံထားရတဲ့ အဖွဲ့တွေက လက်လွတ်မခံသင့်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်ခင်ဗျာ။