စည်းကမ်းဖောက်ဖျက်သူတွေ အရေးယူမယ်လို့ တပ်မတော် ထုတ်ပြန်ချက်ကို အမြင်မတူမှုတွေရှိနေ
2019.09.04

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ တပ်မတော်သားတွေကို စစ်စည်းကမ်းအရရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခုလိုဝမ်းနည်းစရာကိစ္စရပ်တွေ၊ ဂူတာပြင်လို ဖြစ်စဉ်မျိုးတစ်ခုတည်းပဲရှိတာလား၊ စစ်ခုံရုံးဆုံးဖြတ်ချက်က တကယ်ပဲနစ်နာသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့်သူတချို့က ဒါဟာ ၂၀၁၇ ရိုဟင်ဂျာစစ်ဆင်ရေးတုန်းက အင်မတန်ဝမ်းနည်းစရာဖြစ်ရပ်တွေ တကယ်ရှိခဲ့ကြောင်း လူသိရှင်ကြားဝန်ခံတာဖြစ်တဲ့အတွက်ကြောင့် ကြိုဆိုရမယ့်အချက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်အဖွဲ့ဝင် ခရစ် စီဒို့တီ Chris Sidoti ကတော့ စစ်ဘက်တရားရုံးဆုံးဖြတ်ချက်ဟာ နစ်နာသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ပါဘူးလို့ အလားတူဖြစ်ရပ်မျိုးတွေလည်း နောက်ထပ်ကျန်ရှိနေသေးတယ်လို့ RFA ကို အီးမေးလ်ကနေတဆင့် အင်္ဂါနေ့မှာ ဖြေကြားထားပါတယ်။
ဒါ့အပြင် တပ်မတော်ရဲ့ရှင်းလင်းရေးစစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာတွေ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာက ဂူတာပြင် ကျေးရွာတစ်ခုတည်း မဟုတ်ပါဘူး။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်သုံးခုထဲက တူလာတိုလီ၊ ချွတ်ပြင်၊ မောင်နူ၊ ကိုးတန်ကောက်၊ ကျောက်ပန်းတူ၊ မြင်းလွတ်၊ အလယ်သန်ကျော်၊ အင်းဒင်ရွာ မှာလည်းဖြစ်ခဲ့ကြောင်းကို သူတို့ရဲ့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။
အခုလို ဂူတာပြင်ကိစ္စ မတိုင်ခင်ကလည်းက မောင်တောတောင်ပိုင်းက အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ဆယ်ဦးကို တပ်မတေ်ာသားတွေက သတ်ဖြတ်ခဲ့တာကို ရိုက်တာ သတင်းထောက် နှစ်ဦးက စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သတင်းထောက် နှစ်ဦးဟာ ရဲကတရားစွဲလို့ ထောင်ဒဏ် ခုနှစ်နှစ်ထိ ချမှတ်ခံလိုက်ရပါတယ်။ ဒီနှစ် မေလမှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ကျူးလွန်ခဲ့တဲ့စစ်သားတချို့ကို တပ်မတော်က အရေးယူဆောင်ရွက်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပေမယ့် လအနည်းငယ်အတွင်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
FFM အဖွဲ့ဝင် ခရစ် စီဒို့တီက ခြုံပြီးပြောရမယ်ဆိုရင် ဘယ်လိုစုံစမ်းမှုမျိုးတွေပဲ မြန်မာဘက်ကလုပ်ပါစေ၊ အဲဒီစုံစမ်းမှုဟာ ယုံကြည်လက်ခံနိုင်တဲ့၊ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုထိဖြစ်အောင် လုပ်ဖို့လိုပါတယ်။ သာမန်စုံစမ်းစစ်ဆေးမှုတစ်ခုက ရာဇဝတ်တရားစွဲမှုတွေအထိ ဖြစ်လာတာမျိုးမရှိသလို တကယ့် တရားမျှတမှုကိုလည်း ဆောင်ယူပေးနိုင်မှာမဟုတ်ပါဘူး။
အင်းဒင် လူသတ်သမားတွေကို ပြီးခဲ့တဲ့ လတုန်းက လွှတ်ပေးလိုက်တဲ့အချက်ဟာ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေတွေနဲ့ တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အလွန်ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူမှုရှိရှိနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်လုံးဝမရှိတာ အထင်အရှားပါပဲလို့ သူကပြောပါတယ်။
FFM ခရစ်စ် စီဒို့တီက ကျနော်တို့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးကော်မရှင်က ရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်သားတွေအပေါ် ယုံကြည်လက်ခံနိုင်လောက်တဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေကို အခုချိန်ထိ မတွေ့ဖူးသေးပါဘူး။ နောက်ပြီး မြန်မာစစ်တပ်ရဲ့ တရားစီရင်ရေး စနစ်မှာလည်းပဲ ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေ ရှိနေပါတယ်။ တပ်မတော်က တပ်ဖွဲ့အားလုံးရဲ့ တရားစီရင်ရေးကို ထိန်းချုပ်ထားပြီးတော့ အရပ်ဖက်တရားစီရင်မှုမျိုးကို လုံး၀ မပေးတာမျိုးပါ။ ဒီလိုအချက်တွေက မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တပ်မတော်က တရားစီရင်တာကလွတ်လပ်ပြီး ထိရောက်မှုရှိတဲ့ ကော်မရှင်ပါလို့ အာမခံလို့မရနိုင်တဲ့ဟာတွေပါပဲ။
ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်အကြံပေး ကော်မရှင်ဟောင်းတစ်ဦးဖြစ်သူ ဦးအေးလွင်က တပ်မတော်ရဲ့စုံခုံဖွဲ့စစ်ဆေးမှုကို ကြိုဆိုလိုက်ပါတယ်။
"Court of Inquiry မှာ ဒါသေချာကို စုံစမ်းစစ်ဆေးပြီးတော့ သူတို့တွေ့ရှိချက်အပေါ်မှာ အရေးယူဖို့လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် court martial စစ်ခုံရုံးကို သူတို့တင်ပြီးတော့ ဒါ ဥပဒေအရဆောင်ရွက်မယ်ဆိုတဲ့သဘောလေးက ဒါ ဝန်ခံတဲ့သဘောလေးရှိပါတယ်၊ ဟို.. အင်မတန်ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ် ဟိုဖြစ်ခဲ့တာကို သူတို့အသိအမှတ်ပြုလာပြီ။ သူတို့ဟာ ဝန်ခံတယ်ဆိုတဲ့ဟာကိုပဲ ကျနော်တို့စဉ်းစားကြိုဆိုသင့်ပါတယ်"
တပ်မတော်က အသိအမှတ်ပြုပြီ စုံစမ်းစစ်ဆေးမယ် ပြီး court martial တင်မယ်လို့ထုတ်ပြန်ထားတာကြောင့် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်စောင့်ကြည့်ဖို့လိုကြောင်း သူကပြောပါတယ်။
ဦးအေးလွင်က "အဓိကကတော့ impunity လို့ခေါ်သော ရာဇဝတ်ပြစ်မှု ကျူးလွန်သူများသည် အပြစ်ပေးခြင်းမခံရဘဲနဲ့ပြစ်ဒဏ်က ကင်းလွတ်တာတို့ အကာအကွယ်ပေးခြင်းခံရ သလိုလို ဖြစ်တာမျိုးတို့ အဲဒါမျိုးတို့မဖြစ်ဘူးဆိုတာ.. ဒီကေ့စ်မှာ မဖြစ်ဘူးဆိုတာကတော့ ပေါ်လွင်လာတဲ့အတွက်ကြောင့် ပြသနာသည် ဟိုတုန်းကရှိခဲ့တယ်ဆိုတာကို ပေါ်လွင်ထင်ရှားလာတယ်။ ခိုင်လုံသော သက်သေအထောက်အထားတစ်ခုပဲလို့ ကျနော်ကတော့ အဲလိုမြင်ပါတယ်ခင်များ"
၂၀၁၈ ဖေဖော်ဝါရီလတုန်းက AP သတင်းဌာနဟာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာ ရွာသားများ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရပြီး မြှပ်နှံထားသည့် ကျင်းငါးခုရှိနေကြောင်းနဲ့ လူ ၄၀၀ နီးပါး သတ်ဖြတ်ခံထားရကြောင်း ရေးသားထားပါတယ်။
သတင်းထွက်ပေါ်လာပြီး နောက်တစ်ရက်အကြာမှာ အစိုးရကဒေသဆိုင်ရာ တာဝန်ကျ ဆရာဝန်အချို့နှင့် နယ်ခြားစောင့်ရဲတွေ၊ ထွေအုပ်တွေ၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူအချို့သွားရောြက်ပီးတော့ ဂူတာပြင်ကျေးရွာသို့ သွားရောက်စစ်ဆေးစေခဲ့ပါတယ်။ NLD အစိုးရက AP သတင်းဌာနရဲ့ ရေးသားချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
တပ်မတော်ရဲ့ အရေးယူဆောင်ရွက်ချက်ဟာ AP သတင်းဌာနရဲ့ရေးသားချက်နဲ့ လုံး၀ မသက်ဆိုင်ဘူးလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာ ARSA သောင်းကျန်းသူ ၁၉ ဦးသေဆုံးခဲ့တယ်။ အဲဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ် မြတ်ကျော်ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဒါထပ်မံပြီးတော့ အသေးစိတ်စစ်ဆေးတာဖြစ်တယ်။ ဒီဆောင်ရွက်ချက်သည် AP သတင်းဖော်ပြချက်နဲ့ လုံး၀ မပတ်သက်ပါဘူး…… ကျနော် ထပ်ပြောပါတယ် ဒါ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး"
FFM အဖွဲ့ဝင်ရဲ့ ပြောဆိုချက်တွေ၊ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဝေဖန်ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်း အခုလို တုံ့ပြန်ပါတယ် "တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးဆိုရင် ဗိုလ်ချုပ် မြတ်ကျော်တို့ရဲ့ court inquiry တောင် ဖွဲ့စရာအကြောင်းမရှိပါဘူး။ ကျနော်တို့အနေနဲ့ တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်ဆိုတာ court of inquiry ဖွဲ့ခြင်းဖြစ်ပါတယ်"
ဂူတာပြင်လိုမျိုး အလားတူဖြစ်ရပ်မျိုးတွေ ရွာတွေအမြောက်အမြားရှိနေသေးတယ်လို့ FFM မှာဖော်ပြထားတာနဲ့ ပတ်သက်ပြီး တော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက FFM နဲ့ပတ်သက်ပြီးတော့ အစိုးရကလည်း ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် သူ့အနေနဲ့ အထူးတလည်ပြောစရာမရှိဘူးလို့ဆိုပါတယ်။
သူက "ဒီကိစ္စသည် ကျနော်တို့အနေနဲ့ ဖိအားလျော့ကျသွားအောင်အတွက် လုပ်ဆောင်တာမဟုတ်ဘူး။ တပ်မတော်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ပြသတာပဲဖြစ်တယ်"
(RFA သတင်းထောက် ကိုမိုးမြင့် စုစည်းတင်ပြသည်)