ရန်ကုန်ကိုလာကူတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲ

ရန်ကုန်တိုင်းက အစိုးရဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ကူညီကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကျန်းမာရေးသုံးဝတ်စုံ PPE မလုံလောက်တဲ့ အခက်အခဲတွေ၊ စားသောက်နေထိုင်ရေးအခက်အခဲ ကြုံတွေ့နေပါတယ်။

ရန်ကုန်ဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများကို ကုသပေးနေတဲ့ အထူးကြပ်မတ်ဆောင် ICUက သူနာပြုများကို တွေ့ရစဉ် Phot: Ministry Of Health and Sport
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းက အစိုးရဆေးရုံတွေမှာ တိုင်းနဲ့ပြည်နယ် အသီးသီးကနေလာပြီး စေတနာ့ဝန်ထမ်းအဖြစ် လာရောက် တာဝန်ထမ်းဆောင်ရတဲ့ သူနာပြုနဲ့ ကြက်ခြေနီဝန်ထမ်းတွေ အများအပြား ရှိနေပါတယ်။
 
သူတို့တွေဟာ တစ်ဦးချင်းစီအလိုက် သက်ဆိုင်ရာဆေးရုံတွေမှာ တစ်လကနေ နှစ်လကျော်အထိ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရတာပါ။
 
ရန်ကုန်ဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေတဲ့ အထူးကြပ်မတ်ဆောင် ICU မှာ တစ်ရက်ကို လူနာ ၃၀ ဝန်းကျင်လောက် ရှိနေပါတယ်။  လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့အဆိုင်း ညအဆိုင်း တာဝန်ချိန်ခွဲထားပြီး အလှည့်ကျ PPE ဝတ်စုံတွေ ဝတ်ပြီးမှ ဝင်ရောက်ကြရပါတယ်။
 
ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှုမရှိစေဖို့ အဓိက ဝတ်ဆင်ရတဲ့ PPE ဝတ်စုံတွေ မလုံလောက်တဲ့ ပြဿနာရှိနေတယ်လို့ စေတနာ့ဝန်ထမ်း သူနာပြု၊ ကြက်ခြေနီ ဝန်ထမ်းတွေက RFA ကို ပြောပါတယ်။
 
PPE ဝတ်စုံ မလုံလောက်တဲ့ ပြဿနာဆိုတာ ဆိုဒ်အစုံမရှိတာမျိုးဖြစ်ပြီး အလှည့်ကျတာဝန်နဲ့ ICU ထဲဝင်ရမယ့်သူနဲ့ ကိုက်ညီတဲ့ ဝတ်စုံမရှိတဲ့အတွက် ဝင်မရတဲ့ အခြေအနေမျိုးတွေရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ် ကြက်ခြေနီအဖွဲ့က ကိုသောမက်စ်က ပြောပါတယ်။
 
"PPE မလောက်တာရှိတယ်။ မလောက်တာဆိုတာ အရွယ်အစားမတူတာမျိုးပေါ့။ အခြားက အထောက်အပံ့ ICU ထဲက လူနာတွေအတွက် ရေသန့်ဗူးတွေ မလောက်တာ တစ်ခါသုံးခွက်တွေ မလောက်တာ အဲလိုမျိုးပေါ့ အဲလိုဆိုရင် ဆရာ ဆရာမတွေနဲ့ ညှိပြီး တစ်ခုတစ်ခုကို တတ်နိုင်သလောက် ပြန်ဖြည့်ပေးတာမျိုးပေါ့ အဲလိုလုပ်ဆောင်နေရတယ်။"
 
ကိုသောမက်စ်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကစပြီး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူပါ။
 
ICU ထဲကို အလှည့်ကျဝင်ရောက်ရာမှာ သူနာပြု၊ ကြက်ခြေနီဝန်ထမ်းတွေ ခြောက်ယောက်၊ ခုနစ်ယောက် စသဖြင့် နာရီပိုင်းအလိုက် လူနာတွေကို ကြည့်ရှု ကုသနေကြတာဖြစ်ပါတယ်။
 
တချို့ရက်တွေမှာ PPE ဝတ်စုံမလုံလောက်တဲ့အတွက် ဆရာမ နှစ်ယောက် သုံးယောက်ပဲ လာရောက်နိုင်တာမျိုးရှိတယ်လို့ ရန်ကုန်ဆေးရုံကြီး ICU မှာ နိုဝင်ဘာလ နောက်ဆုံးပတ်အထိ ဆေးကုသမှု ခံယူခဲ့ရတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် မဝေမာသိမ့်က ဆိုပါတယ်။
 
"PPE မလောက်လို့ ပုံမှန်ဆို ဝန်ထမ်း ခြောက်ယောက် ခုနစ်ယောက်ဝင်တာမှာ မဝင်နိုင်တဲ့ ရက်တချို့ရှိခဲ့တယ်။ အဲမှာနေတုန်းကြားတာက PPE မလောက်တာတို့ ဗန်နလိတ်တာ ကြားခံစက်ပေါ့ အသက်ရှူတဲ့ဟာမှာသုံးတာ အဲဒါတွေ မလောက်ဘူးလို့ကြားတယ်။"
 
ICU အတွင်း PPE ဝတ်စုံ မလုံလောက်တဲ့ပြဿနာအပြင်၊ အောက်ဆီဂျင်ပေးထားရတဲ့ လူနာတွေအတွက် အသက်ရှူစက်ရဲ့ ကြားခံပိုက် မလုံလောက်မှုတွေလည်း ရှိနေတယ်လို့ သူရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
 
ကြားခံပိုက်ဟာ အောက်ဆီဂျင် အပြင်းအထန်လိုအပ်နေတဲ့ လူနာတွေမှာ အသုံးပြုရတာဖြစ်ပြီး တစ်ရက်ကို နှစ်ခုကနေ သုံးခုအထိ လဲလှယ်ပေးရတဲ့အတွက် အလုံအလောက်ရှိဖို့ လိုအပ်နေတာပါ။
 
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးကတော့ အစိုးရဆေးရုံတွေမှာ PPE ဝတ်စုံ အလုံအလောက်ရှိနေပြီး တကယ်တမ်းလိုအပ်ချက်က အောက်ဆီဂျင်နဲ့ အသက်ရှူစက်သုံး ဆက်စပ်ပစ္စည်းတွေဖြစ်တယ်လို့ ပြောပါတယ်။
 
PPE ဝတ်စုံ လိုအပ်တယ်ဆိုတာ ဆေးရုံရဲ့ စီမံခန့်ခွဲမှုနဲ့သာဆိုင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက လိုသလောက် အပြည့်အစုံ ထုတ်ပေးတယ်လို့ ဒေါက်တာမော်မော်ဦးက ဆိုပါတယ်။
 
" အစိုးရပိုင် ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် PPE မလုံလောက်ဘူးဆိုတာမရှိဘူး။ ကာလကြာရှည်လာရင်သာ စဉ်းစားစရာရှိတယ် လောလောဆယ်က ဝန်ကြီးဌာနကလည်းဝယ်တယ် အလှူရှင်တွေကလည်းလှူတယ်။ ဝန်ကြီးဌာနမှာ အချိန်မရွေးတောင်းခံလို့ရတယ်။ မလုံလောက်ဘူးဆိုရင် ဆေးရုံစီမံခန့်ခွဲမှုနဲ့ ဆိုင်မယ်လို့ ထင်တယ်။"
 
အစိုးရဆေးရုံတွေမှာ လာရောက်ကူညီကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အစိုးရအစီအစဉ်နဲ့ နေထိုင်စားသောက်ကြရတာပါ။
 
ကျန်းမာရေးဝန်ထမ်းတွေက အစိုးရအစီအစဉ်နဲ့ကျွေးတဲ့ ထမင်းဟင်းကိုသာ စားသောက်ရတာဖြစ်ပြီး တစ်ခါတစ်ရံမှာ ထမင်းဟင်းတွေ သိုးနေတာမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ စားစရာမရှိဖြစ်ရတယ်လို့ ကယားပြည်နယ် ဖားဆောင်းမြို့နယ် ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ICU ကို လာရောက် ကူညီပေးခဲ့တဲ့ သူနာပြုဆရာမ ဒေါ်ရွယ်ဘူက ပြောပါတယ်။
 
"PPE ပြဿနာတွေလည်းရှိတယ်။ PPEတောင် တကယ့် PPE မဟုတ်ပဲ ဆေးဖြန်းတဲ့ ဟာမျိုးသုံးလာရတာရှိတော့ ဆေ့မဖြစ်တဲ့တာတွေ ရှိတယ်။ ထမင်းစားတာမှာ လန့်ဘောက်က အဆင်မပြေဘူး တစ်ခါတစ်လေ သိုးနေတာမျိုးတွေကြုံရတယ်။ ကျမတို့ ဝယ်စားရတာ များပါတယ်။"
 
ဆရာမဒေါ်ရွယ်ဘူဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာ ၆ ရက်နေ့အထိ နှစ်လကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
 
လာရောက်ကူညီကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရပ်ဝေးကနေ လာရသူတွေ ဖြစ်တဲ့အတွက် ရန်ကုန်မှာ သွားလာစားသောက်ရေး ခက်ခဲကြရပြီး အခုလိုကာလမျိုးမှာ စီစဉ်ပေးတဲ့အစားအသောက်ကိုသာ အဓိကအားထားရတဲ့အတွက် ထမင်း၊ ဟင်းစားစရာ မရှိတဲ့အခါ အခက်အခဲ မဖြစ်အောင် ခေါက်ဆွဲခြောက်ထုပ်၊ ကော်ဖီ စသဖြင့် အသင့်စား စားစရာလေးတွေ စီစဉ်ပေးစေလိုတယ်လို့ ပြောကြပါတယ်။ 
 
အခုလက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ကျန်းမာရေးဝန်ထမ်းတွေကို ကျိုက်က္ကဆံ အားကစားကွင်းမှာ နေထိုင်ရေး စီစဉ်ပေးထားပါတယ်။
 
ကျန်းမာရေးဝန်ထမ်းတွေကို လာရောက်ကူညီဖို့ ခေါ်ယူရာမှာ နဂိုကမ်းလှမ်းချက်အတိုင်း နှစ်လဖြစ်စေ တစ်လဖြစ်စေ ရက်အတိအကျ သတ်မှတ်ချိန်ပြည့်တာနဲ့ ပြန်ဖို့ စီစဉ်ပေးစေချင်တယ်လို့  တောင်းဆိုကြပါတယ်။
 
ရပ်ဝေးက လာရောက်သူတွေမှာ ထပ်တိုးနေထိုင်ရတဲ့အခါ နဂိုရည်ရွယ်ထားတဲ့အတိုင်း အချိန်၊ ငွေကြေးဆိုင်ရာတွေ မလုံလောက်တော့တဲ့အတွက် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ရတယ်လို့ ပြောကြပါတယ်။
 
ကျန်းမာရေးဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFAက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
 
ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးကူးစက်ခံရသူ တစ်သိန်းတစ်သောင်းကျော်ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ရှစ်သောင်းကိုးထောင်ကျော်နဲ့ သေဆုံးသူဦးရေ ၂၃၁၉ အထိ ရှိနေပြီဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org