အမတ်လောင်းရွေးချယ်ရာမှာ အမျိုးသမီးနဲ့ လူငယ်ကိုလည်း ဦးစားပေးလာ
မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးနဲ့ လူငယ် ၄၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
-
ကျော်လွင်ဦး
2020-07-29 -
-
-
မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးနဲ့ လူငယ် ၄၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
အလားတူ အခြားတိုင်းရင်းသားပါတီတွေထဲမှာလည်း လူငယ်နဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်အောင် ရွေးချယ် နေကြတာ ရှိပါတယ်။
ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာမှာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အမျိုးသားတွေကို ဦးစားပေးခဲ့ကြပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ ဒီစံနှုန်းကနေ ဖောက်ထွက်ဖို့ ကြိုးစားနေကြတာ တွေ့နေရပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မွန်တိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေမှာ ဝင်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလောင်းရွေးချယ်ရာမှာ အရည်အချင်းတူရင် အမျိုးသမီးနဲ့ လူငယ်ဦးစားပေးတဲ့မူနဲ့ ရွေးချယ်ထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။
"အားလုံး ကိုယ်စားလှယ်လောင်း ၆၂ ဦး ရွေးတဲ့အထဲမှာ အမျိုးသမီးက ၂၆ ရာခိုင်နှုန်းပါတယ်၊ လူငယ်က ၄၀ ရာခိုင်နှုန်း ပါတယ်"
မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်က မြို့နယ် ၈ မြို့နယ်၊ ကရင်ပြည်နယ်မှာ ၃ မြို့နယ်၊ တနင်္သာရီတိုင်းမှာ ၃ မြို့နယ်နဲ့ ရန်ကုန်တိုင်းမှာ ၆ မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း လာမယ့် ရွေးကောက်ပွဲအတွက် ပါတီရဲ့ အမတ်လောင်းတွေထဲမှာ အမျိုးသမီး ပါဝင်မှု များအောင် မူဝါဒ ချမှတ်ထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
"အောက်ခြေမှာ ရွေးကတည်းက လူငယ်နဲ့အမျိုးသမီး ၃၀ရာခိုင်နှုန်းစီ ပါအောင် ရွေးဖို့ ညွှန်ကြားထားတာ ရှိတယ်၊ ညွန်ကြားချက်ကို တော်တော်များများ လိုက်နာကြပါတယ်၊ ပြီးသွားတဲ့ အခြေအနေအရ လူငယ်နဲ့ အမျိုးသမီးပါဝင်နှုန်းဟာ ၃၀ရာခိုင်နှုန်းပတ်ဝန်းကျင် ရှိပါတယ်။"
SNLD ပါတီဟာ ရှမ်းတိုင်းရင်းသားတွေနေထိုင်တဲ့ ရှမ်း၊ ကချင်၊ ကယားနဲ့ မန္တလေး စတဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်စားလှယ် ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ လူငယ် ၄၀ ကျော်လောက် ပါဝင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီး ဦးစားပေးရွေးချယ်ရာမှာ ဘွဲ့ရပညာတတ် နည်းတာကြောင့် ရွေးချယ်ရာမှာ အခက်အခဲရှိပြီး အထက်တန်းအဆင့်ပြီးတဲ့ အမျိုးသမီးတွေပါ ပါဝင်တာကြောင့် ရွေးချယ်ရာမှာ အခက်အခဲရှိတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
မွန်အမျိုးသားပါတီကတော့ အသက် ၄၀ အထိကို လူငယ်လို့ သတ်မှတ်ထားပြီး SNLD ပါတီကတော့ အသက် ၃၅ နှစ်အောက်ကို လူငယ်လို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
လူငယ်တွေနဲ့ အမျိုးသမီးတွေကို ရာခိုင်နှုန်း သတ်မှတ်ပြီးပေးထားတာကို လူနည်းစုတိုင်းရင်းသားပါတီတွေမှာ တွေ့ရပြီး ဒီလိုလုပ်ပေးတာကို ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက် ဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ကြိုဆိုလိုက်ပါတယ်။
ဒီလိုလူငယ်နဲ့ အမျိုးသမီးတွေအတွက် စဉ်းစားပေးတဲ့ပါတီတွေဟာ တကယ်နိုင်ငံရေး ရည်မှန်းချက်ကြီးတဲ့ ပါတီတွေလို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
"ဒီလိုမျိုး သတ်မှတ်ချက်မျိုး၊ ပြင်ဆင်မှုမျိုးကို ကျမတို့က ကြိုဆိုတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံမှာက လူငယ်ဦးရေ အရမ်းများပါတယ်၊ လူငယ်တွေနဲ့ အမျိုးသမီးဦးရေဟာ ဒီနိုင်ငံမှာ မေ့ထားလို့မရတဲ့ အသိုင်းအဝန်းဖြစ်တယ်၊ ဒါကြောင့်လူငယ်တွေ၊ အမျိုးသမီးတွေကို ဦးဆောင်တဲ့နေရာမှာ ပေးဖို့ ကြိုးစား လာတယ်၊ ရှေ့ထွက်ဖို့ စီစဉ်လာတဲ့ပါတီတွေဟာ နိုင်ငံရေးရည်မှန်းချက်ကြီးတယ်လို့ ပြောလို့ရမယ်၊ နိုင်ငံရေး အမျှော်အမြင်ရှိတဲ့ ပါတီတွေလို့ ပြောလို့ရပါတယ်။"
လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းပါတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"အမျိုးသားမှာ ၁၆၂ နေရာပြိုင်မယ်၊ ပြည့်သူလွှတ်တော်မှာ ၃၁၉ နေရာဝင်ပြိုင်မယ်၊ ပြည်နယ်နဲ့တိုင်းမှာ ၆၂၂ နေရာဝင်ပြိုင်မယ်၊ တိုင်းရင်းသားလူမျိူးများ ၂၉ ပေါင်းလိုက်ရင် စုစုပေါင်း ၁၁၃၁ ဦး ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ လွှတ်တော်အသီးသီး ပေါင်းလိုက်တဲ့အခါ အမျိုးသမီးပါဝင်မှုက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။"
NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲက အမျိုးသမီးကိုယ်စားလှယ် ၁၃ ရာခိုင်နှုန်းသာပါဝင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးတဲ့အခါမှာ ၂၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် များလာပြီး လက်ရှိ ကိုယ်စားလှယ်လောင်း အဆင့်ပဲ ရှိသေးတဲ့အတွက် ပြောဖို့တော့ စောသေးတယ်လို့ ရန်ကုန်အခြေစိုက် Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ မခင်လေးက ပြောပါတယ်။
NLD နဲ့ တိုင်းရင်းသားပါတီတွေဟာ လူငယ်နဲ့ အမျိုးသမီး ဦးစားပေး ရွေးချယ်တာတွေ့ရတာကြောင့် ၂၀၁၅ ထက် ပိုများလာနိုင်တယ်လို့ မခင်လေးက ပြောပါတယ်။
“ဒီထက်ပိုပြီးတော့ အမျိုးသမီးနဲ့ ကလေးသူငယ်ကိစ္စတွေမှာ မူဝါဒတွေ ပြဌာန်းနိုင်အောင်၊ ပြောချင်တာက တိုင်းပြည်က ဆင်းရဲတယ်၊ အားလုံး အစကပြန်လုပ်နေရတာမှန်ပေမယ့် အမျိုးသမီးနဲ့ ကလေးသူငယ် ကိစ္စတွေကိုလည်း ချန်လှပ်မထားဘဲ ဦးစားပေးပြီး ဒီထက် လုပ်စေချင်တယ်။”
အလားတူ အခြားတိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေးပါတီတွေမှာလည်း ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ၃၀ ရာခိုင်နှုန်းပါအောင် ရွေးချယ်တာ၊ ကိုယ်စားလှယ်လောင်းလျှောက်ရာမှာ အရည်အချင်းတူရင် လူငယ်တွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးရွေးတာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။