တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ မြန်မာပြည်ခရီးစဉ် အလားအလာ

တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အနေနဲ့ အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေထွက်နေပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ကို ၂၀၁၉၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ် Photo: ASSOCIATED PRESS

တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အနေနဲ့ အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေထွက်နေပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲ။

တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနိမ့်ကျမှုအခြေအနေတွေကို မြှင့်တင်နိုင်မယ့် အခွင့်အရေးဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးတူစီမံကိန်းတွေကနေတဆင့် ငြိမ်းချမ်းရေးကို အကောင်းဘက် ဦးတည်သွားနိုင်အောင် ဆွဲခေါ်နိုင်မယ့် အခြေအနေကောင်းလို့ တရုတ်-မြန်မာအရေးလေ့လာသူတွေက ပြောကြပါတယ်။

တရုတ်ရဲ့  ၂၀၂၀ ရည်မှန်းချက်ထဲမှာ အာဆီယံနိုင်ငံတွေအပြင် နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယ်သာလန်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး လွတ်လပ်တဲ့ စီးပွားရေး ကုန်သွယ်ခွင့် ဒေသကြီး တည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်းက အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ သဘောတူလက်မှတ်ရေးထိုးဖို့ ပါဝင်ပါတယ်။

တရုတ်သမ္မတရဲ့ မြန်မာပြည် ခရီးစဉ်ဟာ ဒီကိစ္စနှစ်ခုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

မြန်မာစီးပွားရေးနောက်ကျနေမှုတွေကို မြှင့်တင်ဖို့လာတယ်လို့ မြင်ကြောင်း တရုတ်နိုင်ငံမှာနေထိုင်တဲ့ တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကပြောပါတယ်။

RCEP ရဲ့ ရည်ရွယ်ချက်ကိုက အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးမတူတဲ့ နိမ့်တဲ့သူတွေကို ဆွဲတင်ဖို့ ဆိုတာလည်း ပါတယ်။ အာဆီယံက နိုင်ငံတွေထဲမှာ သုံးနိုင်ငံက တော်တော်ကို နောက်ကျတယ်။ လာအိုရယ်၊ ကမ္ဘောဒီးယားရယ်၊ မြန်မာရယ်။ အဲ့ဒီထဲက မြန်မာနိုင်ငံကို မရောက်သေးဘူး။ အဲဒါကြောင့်မို့လို လာတယ်ထင်ပါတယ်။ အဓိကတော့ မြန်မာပြည်ရဲ့ စီးပွားရေးနောက်ကျနေမှုတွေကို မြှင့်တင်ဖို့လည်း ပါတယ်။ ရှီကျင်းဖျင်ရဲ့ ပိုးလမ်းမစီမံကိန်းဟာလည်း တော်တော်သွက်သွက်လက်လက် ဖြစ်နေတာကိုး။ ဥပမာ ပါကစ္စတန် စင်္ကြန်လမ်းဆိုလည်း ပြီးသလောက်ဖြစ်ပြီ။ တရုတ်နဲ့ ယူရေးရှား စင်္ကြန်လမ်းကလည်း သွားတောင်သွားနေကြပြီ။ ကျန်နေတာက လေးနိုင်ငံပေါ့။ တရုတ်ရယ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယရယ်၊ ဗမာရယ် အဲ့ဒါက မပြီးသေးဘူးဖြစ်နေတာ။ အဲ့ဒီကိစ္စလည်းပါမယ် ထင်တယ်။”

တရုတ်သမ္မတရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံ အစိုးရတွေဘက်က တရားဝင်သတင်း ထုတ်ပြန်တာ မရှိသေးပေမယ့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ အခုလ ၃ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ သွားရောက်တွေ့ဆုံခဲ့တာဟာ ဒီခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

သမ္မတရှီကျင်ဖျင် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း တရုတ်သမ္မတအနေနဲ့ မြန်မာနိုင်ငံကို မလာရောက်ခဲ့တော့တာကြောင့် တရုတ် သမ္မတ ရှီကျင်းဖျင်သာ မြန်မာပြည်ကို လာရောက်မယ်ဆိုရင် နှစ်ပေါင်း ၂၀ လောက်ကြာမှ မြန်မာပြည်ကို ရောက်တဲ့ ပထမဆုံးသမ္မတ ဖြစ်မှာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတွေ့နေတဲ့ အခုလိုအချိန်မှာ တရုတ် သမ္မတ ခရီးစဉ်သာ အမှန်တကယ်ဖြစ်မြောက်မယ်ဆိုရင် မြန်မာပြည်အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အရ အဘက်ဘက်က အကျိုးရှိမယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင် ကပြောပါတယ်။

“ဒီအချိန်မှာ တရုတ်ပြည်ရဲ့ နံပါတ် ၁ ခေါင်းဆောင်ကြီးအနေနဲ့ လာတယ်ဆိုတော့ မြန်မာပြည်အတွက် နိုင်ငံရေးအရကော၊ စီးပွားရေးအရကော၊ လူမှုရေးအရကော အဘက်ဘက်က အများကြီးအကျိုးရှိပါတယ်။ အခုအချိန်မှာ မြန်မာပြည်က လိုအပ်နေတဲ့အချိန်ပေါ့။ နိုင်ငံရေးနည်းနည်း အကျဉ်းအကြပ်ဖြစ်နေတဲ့အချိန်၊ Pressure ပေးခံနေရတဲ့အချိန်”

တရုတ်နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်ကနေ လျှပ်စစ်ထုတ်လုပ်နိုင်မှုနဲ့ ထိန်းသိမ်းနိုင်မှုတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်နေပြီဖြစ်လို့ သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးနိုင်ချေမရှိဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။

ဒါပေမဲ့လို့ OBOR စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံတွင်း မူဆယ်စီးပွားရေးဇုန် တည်ထောင်ဖို့နဲ့ မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးကိစ္စကို တရုတ်က အားမလိုအားမရဖြစ်နေတာကြောင့် တွန်းအားပေးမယ့် အစီအစဉ် ပါလာနိုင်မယ်လို့ ထင်ကြောင်း တရုတ်အရေးလေ့လာသူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

“တရုတ်က တကယ်တမ်း အားမလိုအားမရဖြစ်နေတဲ့ ပြဿနာက OBOR စီမံကိန်းလုပ်ဖို့အတွက် မူဆယ်နဲ့ မန္တလေးရထားလမ်းဖောက်လုပ်ရေး၊ ခုက အဲ့ဒီကိစ္စကို လုပ်နေကြတာက မြေပြင်တိုင်းတာမှုတွေပြီးပြီလို့ မြန်မာဘက်က ပြောတယ်။ ဒါပေမဲ့ တရုတ်ပြည်ဘက် သွားကြည့်လိုက်တဲ့အခါကျတော့ ရွှေလီမှာက ဘူတာရုံတောင် ဆောက်ပြီးသွားပြီ။ ဗမာဘက်က ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်နေတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တွန်းအားပေးမယ့် အစီအစဉ်တစ်ရပ်တော့ ရှီကျင်းဖျင်ဆီမှာ ပါလာလိမ့်မယ်လို့ ထင်တယ်။ မူဆယ်မှာ စီးပွားရေးဇုန် ထူထောင်ဖို့နဲ့ ရထားလမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်လို့ အခိုင်အမာလုပ်ငန်းစဉ်တွေ လုပ်ကြတော့မှာပါ။ အဲ့ဒီလို လုပ်ကြတော့မယ်ဆိုရင် မြောက်ပိုင်းအဖွဲ့တွေက ကိုးကန့်ကော၊ ပလောင်အဖွဲ့ကော လှုပ်ရှားမှုတွေကို ထိခိုက်အောင်လုပ်မယ့် သဘောထားအစီအစဉ်တော့ မရှိပါဘူး။ တိုက်ပွဲအရှိန်အဟုန်တွေ တစ်စုံတစ်ရာ ကျလာနိုင်တယ်။”

တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ရခိုင်ပြည်နယ်အပ ရှမ်းမြောက်နဲ့ ကချင်ဒေသက တိုက်ပွဲတွေရပ်စဲပြီး ပင်လုံညီလာခံတွေ ပြန်စလာနိုင်လိမ့်မယ်လို့လည်း လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

“သူရဲ့ စီးပွားရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်ဟာ တည်ငြိမ်အေးချမ်းဖို့လိုတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ တွန်းအားပေးမှု၊ ကြားဝင်စေ့စပ်ပေးမှုဟာ ရှေ့ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။”

ဒါကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ပြောသွားတာပါ။

တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်ကနေ အသက်ဝင်လာနိုင်တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ကနေတဆင့် မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ၂၀၂၀ မှာ ပြန်လည်အသက်ဝင်လာ နိုင်တယ်လို့လည်း တိုင်းရင်းသားအရေးနဲ့ မြန်မာငြိမ်းချမ်းရေးလေ့လာသူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org