ရန်ကုန်ဘတ်စ်ကားတွေမှာ ပိုးမကူးအောင် ဘာတွေစီစဉ်ထားသလဲ

ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးရှိတဲ့မြို့ပါ။ မြို့နေသူအများစု မှီခို အားထားရတဲ့ YBS ယာဉ်လိုင်းတွေက တဆင့် ရောဂါပိုးကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတာ ကြောင့် ဘတ်စ်ကားတွေမှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘယ်လို လုပ်ဆောင်နေကြပါသလဲ။

ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားကို တွေ့ရစဉ်

ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးရှိတဲ့မြို့ပါ။ မြို့နေသူအများစု မှီခို အားထားရတဲ့ YBS ယာဉ်လိုင်းတွေက တဆင့် ရောဂါပိုးကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတာ ကြောင့် ဘတ်စ်ကားတွေမှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘယ်လို လုပ်ဆောင်နေကြပါသလဲ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် ကားပေါ်မှာ ခရီးသည် အရေအတွက် ကန့်သတ်ထားပြီး တခြား ကာကွယ်ရေး အစီအစဉ်လည်း ပြင်ဆင်ထားတယ်လို့ Power Eleven ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်။

"ယာဉ်စီးတဲ့သူတွေက mask တွေကိုတပ်ရပါမယ်။ အကယ်၍ mask တွေ တပ်မလာဘူးဆိုရင် ကားတွေပေါ်မှာ ရောင်းချပေးနေတာတွေ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်  မဝယ်နိုင်ရင် ကားတွေကလည်း အခမဲ့ ခရီးသည်ကို လှူဒါန်းပေးတာတွေ ရှိပါတယ်။ ခရီးသည်တွေ ကားပေါ်တက်တဲ့ အချိန်မှာတစ်ကြိမ်၊ ကားပေါ်က ပြန်ဆင်းတဲ့အချိန် တကြိမ် ဆေးရပါတယ်။ ဒါကြောင့် ယာဉ်တွေရဲ့ အတက်မှာ လက်ဆေးရည်တစ်ဗူး၊ အဆင်းမှာ လက်ဆေးရည် တစ်ဗူး စီစဉ်ပေးထားပါတယ်။ လက်ရှိ အချိန်မှာ ထိုင်ခုံတစ်ခုံကိုခရီးသည် တစ်ဦးပဲ တင်ပါတယ်။ ထိုင်ခုံတွေကို အကွာအဝေး ကန့်သတ်ထားတယ်။ ဒါကြောင့် ဘတ်စ်ကားတစ်စီးက လက်ရှိမှာ ခရီးသည်ဦးရေ ၂၅ ဦးခန့်လောက်ပဲ တင်ဆောင်ပြေးဆွဲပေးနေတယ်"

Power Eleven ကုမ္ပဏီဟာ YBS ၂၁၊  ၃၉ နဲ့ ၄၁ ယာဉ်လိုင်းတွေကို ပြေးဆွဲပေးနေတာပါ။ လက်ရှိကာလမှာ မော်တော်ယာဉ် အရေအတွက်ကို ကန့်သတ်မထားဘဲ ခရီးသွားအခြေအနေအပေါ် မူတည်ပြီး  အနည်းဆုံး ၁၅ မိနစ်တစ်စီးနှုန်းနဲ့ ပြေးဆွဲပေးနေတယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ အခုကာလအတွင်း ပြေးဆွဲနေတဲ့ ယာဉ်တွေဟာ သတ်မှတ်အကွာအဝေး ကန့်သတ်ထားတဲ့ ထိုင်ခုံတွေမှာ ခရီးသည်တွေကို တင်ဆောင်ဖို့၊ ခရီးသွားတွေ နှာခေါင်းစည်းတွေတပ်ဆင်ဖို့နဲ့  ကားအတက် အဆင်း နေရာတွေမှာ လက်သန့်ဆေးရည် ထားရှိပေးဖို့  စသဖြင့် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ယာဉ်လိုင်းအများစုကတော့ ညွှန်ကြားချက်တွေကို မလိုက်နာနိုင်ကြဘူးလို့ ကိုတရုတ်လေးက ပြောပါတယ်။

"ယာဉ်လိုင်းအများစုက သတ်မှတ်ချက်နဲ့ မညီညွတ်တာကို တွေ့ရတယ်။ ဒီကာလတွေမှာ ခရီးသည် ဦးရေကလည်း နည်းတယ်။ သတ်မှတ်ချက်နဲ့ အညီ ဆွဲရမယ်ဆိုရင် ကားတစ်စီးရဲ့ နေ့စဉ် ဆွဲရမယ့်ဝင်ငွေက ဆီဖိုးတောင် မရဘူး။ ဒီအချိန်မှာ အစိုးရအနေနဲ့ စက်သုံးဆီကို ထောက်ပံ့ပေးသင့်တယ်လို့ တင်ပြလိုတယ်။ အရေးကြီးတာက သတ်မှတ်ချက်နဲ့ မညီညွတ်ရင် အဲဒီကတစ်ဆင့် ရောဂါကူးစက်နိုင်လို့ အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ တစ်ရပ်မှာရှိတယ်"

ခရီးသည် နည်းပါးလို့ ဝင်ငွေ လျော့ကျသွားတာကြောင့် လောင်စာဆီဖိုး ထောက်ပံ့သင့်တယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် YUPT ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ပြောပါတယ်။

"ဝန်ထမ်းစရိတ်နဲ့ CNG ဖိုးပေးလိုက်တာနဲ့ ကျွန်တော်တို့ စိုက်နေရပါတယ်။ ဒါကြောင့် နိုင်ငံတော် ကနေပြီးတော့ CNG ဖိုးကို တန်ဖိုးတစ်ခုပေါ့နော်၊ တတ်နိုင်သလောက် လျော့ပေးဖို့၊ မဟုတ်ရင်လည်း CNG ဖိုး လုံး၀ မပေးရတဲ့ အဆင့် ဒါမဟုတ်လည်း သက်သာခွင့်ပေးရင် ရေရှည် ရပ်တည်နိုင်မှာပေါ့။ တောင့်ခံနိုင်ဖို့ ဆိုတာ တော်တော်မလွယ်ပါဘူး"


ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကနေ ကာကွယ်ဖို့ နေ့စဉ် လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီလို အများသုံးယာဉ်တွေပေါ်မှာ ခပ်ခွာခွာနေကြဖို့က မလွယ်ကူနိုင်ပါဘူး။ အထူးသဖြင့် ရုံးတက် ရုံးဆင်း အချိန်တွေမှာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် နှာခေါင်းစည်းကို မဖြစ် မနေတပ်ဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်စွာဦးက ထောက်ပြပါတယ်။

"Mask ကိုတော့ မဖြစ်မနေတပ်ဖို့ရယ်။ လက်ဆေးဖို့ရယ် လိုအပ်တယ်။ အဲကွန်း အလုံခန်းထဲမှာဆိုတော့ တစ်ယောက်ယောက်ကသာ (ပိုး) ရှိခဲ့တယ်၊ အဲဒီတစ်ယောက်က နှာချေ ချောင်းဆိုးလိုက်တယ်။ MASK မတပ်ထားဘူးဆိုရင် ကူးစက်နိုင်တယ်။ MASK မတပ်ထားလို့ အဲဒီ အမှုန်အမွှားတွေက လက်ကိုင်ကွင်းတွေကို ထိတဲ့အခါမှာ နောက်တစ်ယောက်က ကိုင်မိပြီး ကူးစက်နိုင်တာတွေရှိတယ်"

ပိုးတွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ တိုးလာတာနဲ့အမျှ YBS လို အများသုံး ယာဉ်ကို မှီခိုအားထားနေရတဲ့ သူတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။ အဲဒီအထဲမှာ ရုံးတက်ရုံးဆင်း လုပ်နေရတဲ့ ဒေါ်ဝင်းဝင်းခိုင်လည်း ပါဝင်ပါတယ်။

"အမတို့ ရုံးတက်ရုံးဆင်းက YBS နဲ့ပဲ အမြဲသွားနေရတော့ စိုးရိမ်စိတ် အပြည့်ရှိတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာဆိုလို့ ကိုယ့်ဘာသာ Handgelလေး တစ်ဗူးဝယ်ထားတယ်။ mask တပ်ထားတယ်။ အခုက ကိုယ်ဖြစ်ရင်  ကိုယ်ခံရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ရင် ကိုယ့်မိသားစုရော ကိုယ့်ပတ်ဝန်းကျင်ရော ခံရတာဆိုတော့ စိုးရိမ်စိတ်ကတော့ ရာနှုန်းပြည့်ပဲ။ YBS မှာ အတက်အဆင်းမှာ ဆပ်ပြာထားပေးထား တာလည်း အမ မတွေ့ဘူး။ အဲဒီကားပေါ်မှာ အဲဒီလူနာပါလာရင် ကူးစက်ဖို့ကတော့ ရာနှုန်းပြည့် သေချာတယ်။ ရုံးတက်ရုံးဆင်းချိန်မှာ လိုင်းကားရဲ့သဘာဝက ထိုင်ခုံအစိ လူအစိပဲ။ သုံးပေကတော့ မကွာလောက်ဘူးလို့ ထင်တယ်"


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ငါးထောင်လောက် ရှိတဲ့အထဲ လတ်တလောကာလမှာ ခရီးသွားအရေအတွက် နည်းပါးတာကြောင့် တစ်ရက်ကို အစီးရေ ၁၅၀၀ လောက်ပဲ ပြေးဆွဲနေရပါတယ်။ ကျန်တဲ့ ယာဉ်အစီးရေ ၃၅၀၀လောက်ကတော့ ပြေးဆွဲမှု ရပ်နားထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org