စစ်ကောင်စီဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်ကနေ ရန်ပုံငွေရှာတဲ့ "Click to Donate"

Click to donate မှာ ဝင်ကလစ်တဲ့သူ သုံးသောင်းကျော်ရှိပြီး ပျမ်းမျှ တစ်လကို မြန်မာငွေ သိန်း ၇ဝဝဝ လောက်ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကဆိုရင် လူပေါင်း ၅ သောင်းလောက် ဝင် Click ကြလို့ ငွေသိန်းတစ်သောင်းနီးပါးရခဲ့တယ်လို့ ဆိုပါတယ်။

Click2donate နှင့် Play2Donate application များကို ကလစ်နှိပ်နေသူတစ်ဦး။ Photo: Citizen Journalist

"တစ်နေ့ကို ၁၅ မိနစ် နာရီဝက်လောက် မြန်မာတိုင်း၊ မြန်မာတိုင်းက Click to donate ကို နှိပ်ရင်၊ တော်လှန်ရေးကို အထောက်အကူပြုရာရောက်တယ်လို့ ဆရာအနေနဲ့ ပြောချင်တယ်"

Clike to Donate နှိပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်းသွားတာပါ။

ဆိုတော့ Clike to Donate ဆိုတာက ဘာကိုဆိုလိုတာပါလဲ။ အတိုချုံးပြောရရင် Youtube က ဗီဒီယိုတွေကြည့်ပြီး ငွေရှာတဲ့ နည်းပါ။

ဒီ Click to Donate Facebook နဲ့ We click ဆိုတဲ့ Youtube စာမျက်နှာတွေမှာ ကြည့်ရမယ့် ဗီဒီယိုတွေကို တည်ထောင်သူတွေက စုစည်းပေးထားတာဖြစ်ပါတယ်။ စစ်အာဏာဆန့်ကျင်ရေး သီချင်းတွေ၊ ကဗျာတွေတင်မက ဗုဒ္ဓဘာသာတရားခွေတွေကိုလည်း အဲဒီမှာ နားထောင်နိုင်ပါတယ်။

ဒီစုစည်းပေးထားတဲ့ ဗီဒီယိုတွေကို တစ်စုတစည်းတည်းသွားကြည့်ကြမယ်ဆိုရင် ကြည့်ရှုသူများပြီး အဲဒီကနေ ငွေရပါမယ်။ ဆိုတော့ ဘယ်လောက်များများ ရနိုင်ပါသလဲ။

"ကလစ်လုပ်သူက သုံးသောင်းခွဲပဲရှိသေးတယ်၊ အဲဒီသုံးသောင်းခွဲကနေ သိန်း ၇ဝဝဝ လောက်ရှာနိုင်ပါတယ်။ အဲဒီနေရာမှာ လူသုံးသောင်းခွဲလို့ မမြင်ဘဲ သုံးသိန်းခွဲလို့ မြင်ကြည့်ပါ၊ သိန်းခုနှစ်သောင်းပါ။ ကျွန်တော်တို့ တော်လှန်ရေး ဘယ်လောက်မြန်သွားမလဲ တွေးကြည့်လို့ရပါတယ်။ ကျွန်တော်တို့ကို လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ အိမ်တွေကို မီးရှို့တယ်၊ လူသတ်တယ်၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်ကို ကျွန်တော်တို့က ယှဉ်တိုက်ဖို့ ငွေအင်အား၊ လက်နက်အင်အား မပြည့်စုံသေးလို့ပါ၊ ဒါတောင်မှ ဆန္ဒပြပွဲတွေမှာ ဒိုင်းကာလေးတွေ၊ ဂတ်စ်သေနတ်လေးတွေနဲ့ စခဲ့တဲ့ တော်လှန်ရေးဟာ တစ်နှစ်အတွင်းမှာ RBG နဲ့ လေယာဉ်တွေကို ပစ်ချတဲ့ တော်လှန်ရေး ရောက်လာခဲ့ပါပြီ"

Click to Donate တည်ထောင်သူ ကိုကလစ် ပြောပြသွားတာပါ။ သူဘယ်သူ ဘယ်ဝါဆိုတာကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

လတ်တလော Click to donate မှာ ဝင်ကလစ်တဲ့သူ သုံးသောင်းကျော်ရှိပြီး ပျမ်းမျှ တစ်လကို မြန်မာငွေ သိန်း ၇ဝဝဝ လောက်ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကဆိုရင် လူပေါင်း ၅ သောင်းလောက် ဝင် Click ကြလို့ ငွေသိန်းတစ်သောင်းနီးပါးရခဲ့တယ်လို့ ဆိုပါတယ်။

Click to Donate လိုပဲ Play to Donate ဆိုတာလည်းရှိပါသေးတယ်။ ဒီ Play to Donate ဆိုတာကတော့ ဂိမ်းကြိုက်တဲ့ လူငယ်တွေ တစ်စုတစည်းတည်း ဂိမ်းကစားကြရင်း ငွေရတဲ့ နည်းလမ်းပါ။

"Play to donate ဆိုတာက ဂိမ်းတွေဆော့ရင်း ကြော်ငြာလေးတွေကြည့်ရင်းနဲ့ အလှူငွေရဖို့လုပ်ထားတာ၊ မြန်မာပြည်တွင်းက ငွေကြေးစီးဆင်းမှု မဟုတ်လို့ သူတို့ (စစ်တပ်) က အကောင့်တွေပိတ်လို့မရပါဘူး၊ ဘယ်သူတွေက ဦးဆောင်လုပ်နေတယ်ဆိုတာ မသိလို့ လိုက်ဖမ်းလို့လည်းမရဘူး၊ ရတဲ့ပိုက်ဆံတွေက လေးငါးခြောက်ထောင်မဟုတ်ဘဲ သိန်းရာနဲ့ချီရတဲ့ ဒီဂျစ်တယ်နည်းလမ်းတွေဖြစ်လို့ အများကြီးကို အထောက်အကူပြုပါတယ်"

Play to Donate တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မစတယ်လာ ပြောပြသွားတာပါ။

Play to Donate ကတော့ ပြည်ပက မြန်မာနိုင်ငံဖွား နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေ ဖွဲ့စည်းတည်ထောင်ထားတာပါ။ Play to Donate က တစ်ရက်ကို သိန်း ၃ဝ လောက်ရှာနိုင်တယ်လို့ ဆိုပါတယ်။

ဒီ Click to Donate တို့ Play to Donate တို့လို နောက်ထပ်ငွေရှာတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ ဒီအဖွဲ့တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ဒေသခံ ခုခံ ကာကွယ်ရေးတပ်တွေကို ထောက်ပံ့ဖို့၊ အနယ်နယ်အရပ်ရပ်မှာ အာဏာသိမ်းစစ်ကောင်စီအောက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုတွေပေးဖို့ ငွေရှာနေကြတာပါ။

ဒီ Click to Donate တို့ Play to Donate တို့ကို လူငယ်တွေတင်မက လူကြီးတွေကြားမှာလည်း ရေပန်းစားလာပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ကလစ်ကြဖို့ တိုက်တွန်းနေတာတွေ တွေ့တွေ့နေရပါတယ်။

RFA က Facebook သုံးတဲ့လူငယ်တွေကို လိုက်မေးကြည့်တဲ့အခါ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် အဲဒီ စာမျက်နှာတွေကို ဝင်ကြည့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အရင်တုန်းက မိုးလင်းအိပ်ရာနိုးတာနဲ့ Facebook ပွတ်နေတဲ့ ရန်ကုန်မြို့ခံ ကိုမင်းခန့်(အမည်လွှဲ) တစ်ယောက်လည်း ဒီစာမျက်နှာတွေပေါ်လာကတည်းက ဒီစာမျက်နှာတွေကိုပဲ အရင်ဝင်ကြည့်တော့တယ်လို့ ဆိုပါတယ်။

"မနက်နိုးလာတာနဲ့ မနက်စာစားရင်း အားနေရင် ထိုင်ကလစ်နေရုံပဲ၊ ဘာမှအထွေအထူး သီးသန့်အလုပ် တစ်ခုလို လုပ်နေတာ မဟုတ်ဘူး၊ နေ့လည်စာစားရင်း VPN ချိတ်၊ ကလစ်တွေနှိပ်၊ ညကျလို့ အားရင် ငါးခု ဆယ်ခုလောက်ထပ်နှိပ်" 

အိမ်မှာနေရင်း တော်လှန်ရေးအဖွဲ့တွေကို ကူညီဖို့ သူတတ်နိုင်တဲ့ဘက်ကလုပ်နေတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် အိမ်အပြင်ထွက်ရင်တော့ ဖုန်းထဲမှာရှိတဲ့ အဲဒီစာမျက်နှာတွေကို ဖျက်သွားရတယ်လို့လည်း ဆိုပါတယ်။

"ကလစ်ရမယ့် စာမျက်နှာတွေက သူတို့နဲ့ ပတ်သက်တာတွေပေးထားတယ်၊ အဲဒါတွေကို အပြင်သွားရင် ကိုယ်လုံခြုံတဲ့နေရာမှာ ကူးသိမ်းထားခဲ့တယ်၊ application တွေကိုဖျက်သွားတယ်၊ အိမ်ပြန်ရောက်တော့မှ ဒီ application တွေကို ပြန် install လုပ်ရတယ်"

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ ဖုန်းအင်တာနက်လိုင်းတွေကို ထိန်းချုပ်ထားသလို၊ လျှပ်စစ်မီးကလည်း မကြာမကြာဖြတ်တောက်နေတာမို့ ဒီစာမျက်နှာတွေကို ဝင်ကြည့်ဖို့ ပြည်တွင်းမှာ နေထိုင်သူတွေ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီစာမျက်နှာတွေကို နိုင်ငံခြားမှာနေတဲ့ မြန်မာတွေကလည်း ဝင်ကလစ်နေတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာလူငယ်တစ်ဦးကတော့ ... "နေ့တိုင်းနီးပါး ပျမ်းမျှဆိုရင် တစ်နေ့ကို နာရီဝက်လောက် လုပ်ဖြစ်တယ်၊ အလုပ်ပိတ်ရက်ဆို ပိုလုပ်ဖြစ်တယ်၊ အိမ်မှာလည်း Youtube ဖွင့်ထားပြီး လျှောက်သွားနေတာပေါ့နော်၊ ဒီမှာက အင်တာနက်လိုင်းကလည်း ဈေးသက်သာတော့၊ အဓိကကတော့ ဒီ Click to donate က ရတဲ့ငွေနဲ့ တော်လှန်ရေး အမြန်အောင်မြင်ဖို့ပါပဲ"

ဒီငွေရှာတဲ့အဖွဲ့တွေက တစ်လ တစ်လရတဲ့ငွေတွေကို NUG အစိုးရကနေ တဆင့်ရော မြေပြင်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီပါ တိုက်ရိုက်လှူနေကြတာဖြစ်ပါတယ်။ ဘယ်အဖွဲ့တွေကို ဘယ်လောက်လှူလိုက်ကြောင်း အဲဒီစာမျက်နှာတွေကနေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က "Click to donate ကတော့ သူတို့နည်းသူတို့ဟန်နဲ့ တော်လှန်ရေးမှာ ပါဝင်ပြီးတော့ အားဖြည့်ကူညီဆောင်ရွက်တဲ့သဘောပါ။ ရလာတဲ့ငွေတွေကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တစ်ဆင့် ညှိနှိုင်းပေးပို့နေတာတွေရှိသလို၊ သူတို့နည်း သူတို့ဟန်နဲ့ချိတ်ဆက်ပြီး မြေပြင်ကတော်လှန်ရေး အင်အားစုတွေဆီ ပေးပို့နေကြတာတွေရှိပါတယ်"

ဒီလိုအွန်လိုင်းကနေ ကလစ်လုပ်ပြီး ငွေရှာနေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောဆိုချက်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဘက်က ငွေကြေးစီးဆင်းမှုတွေကို စောင့်ကြည့်ပြီး လက်နက်ကိုင်တော်လှန်ရေး သမားတွေဆီ ထောက်ပံ့သူတွေကို ဖမ်းဆီး၊ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတာပါ။

ဒါပေမယ့် လူငယ်တွေဟာ လက်မလျှော့ဘဲ Youtube Monetization လို့ခေါ်တဲ့ အွန်လိုင်း ဗီဒီယိုတွေကနေ ကြော်ငြာတွေ ဖြတ်ပြီး ဝင်ငွေရတဲ့နည်း၊ အိမ်ထဲထိုင်နေရင်း လုံလုံခြုံခြုံ ကလစ်လို့ ရတဲ့နည်း၊ ဝါသနာပါတဲ့ ဂိမ်းတွေဆော့ရင်း ဒီဂျစ်တယ် တော်လှန်ရေးဆိုပြီး ထောက်ပံ့ငွေရှာနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org