ဇေယျကျော်ထင် ဒုတိယ ဗိုလ်မှုးကြီး ဘရှင်ရဲ့ နှစ် တစ်ရာပြည့်အကြို
မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဒုတိယ ဗိုလ်မှုးကြီး ဘရှင်ရဲ့ နှစ်တစ်ရာပြည့် အကြို ဟောပြောပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
-
2015-01-24 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဒုတိယဗိုလ်မှုးကြီး ဘရှင်ရဲ့ နှစ်တစ်ရာပြည့်အကြို ဟောပြောပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ဆက်ထားပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာကျရောက်မယ့် မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဒုဗိုလ်မှူးကြီးဘရှင် ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနား အကြိုပွဲကို ဒီနေ့ တော်ဝင်နှင်းဆီခန်းမမှာ ဟောပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ဦးဘရှင်ရဲ့အထုပ္ပတ္ထိကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေက မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့ ရင်းနှီးချစ်ကြည်စွာ နေထိုင်ကြဖို့ အဓိကထားပြောခဲ့ကြပါတယ်။
ဒီနေ့အခမ်းအနားကို ဘာသာပေါင်းစုံ အပြန်အလှန်ချစ်ကြည်ရေးရှိဖို့နဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်ခွဲခြားဆက်ခံမှု ပပျောက်ရေးစတဲ့ အခြေခံအချက် ၈ ချက်နဲ့ ရည်ရွယ်ပြီး ကျင်းပတာဖြစ် တယ်လို့ ရာပြည့်အကြိုကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။
ဦးထွန်းကြည်။ ။တိုင်းရင်းသားတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌါန်းခွင့် အပြည့်အဝရရှိရေး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ရေရှည်တည်တန့်ခိုင်မြဲပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ အပြန်အလှန် လေးစား ချစ်ကြည်ရေးတို့နဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစုတိုင်းရင်းသားများအပေါ်သို့ လူနည်းစုဘာသာဝင်များအပေါ် ဖိနှိပ်မှုများ၊ အမုန်းတရားများ ခွဲခြားဆက်ဆံမှုများအား ဆန့်ကျင်တိုင်ဖျက်ရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိရေး ဦးတည်ချက် ၈ ရပ်နဲ့ ဒီအခမ်းအနားကို ကျနော်တို့ ကျင်းပတာဖြစ်ပါတယ်။
ဦးဘရှင်ကို ၁၉၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ပျဉ်းမနားမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူဟာ သမိုင်းသုတေသီအဖြစ် ထင်ရှားခဲ့သူတစ်ဦးဖြစ်သလို လွတ်လပ်ရေးကြိုးပမ်းမှုမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မြန်မာသမိုင်းဆိုတဲ့ စကားလုံးကို ပထမဆုံးစတင် အသုံးပြုခဲ့သူဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသုံးပြဌာန်းစာအုပ်ကို ရေးသားခဲ့သူဖြစ် ပါတယ်။ အသက် ၅၅ နှစ်အရွယ် ၁၉၇ဝ ခုနှစ်မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
ဒီနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးတက်ရောက်ခဲ့ပြီး ဦးဘရှင်နဲ့ ပတ်သက်တဲ့အမှတ် တရတွေကို ပြောခဲ့ပြီး ဒီနေ့ သေနတ်သံတွေချုပ်ငြိမ်းဖို့ဟာ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ဦးတင်ဦး။ ။ငါစပြီးတော့စစ်ထဲဝင်လာတာ ဒီနေ့အထိ သေနတ်သံ၊ ပစ်သံ၊ ဆူညံသံထဲမှာ ကြီးပြင်းလာရတဲ့ ငါဟာတယ်ပြီးတော့ ငါ့အတွက်တော့ ဝမ်းနည်းစရာဖြစ်ပါလားလို့၊ ဒီတော့ ဘာစိတ်ကူးပေါ်လည်းဆိုတော့ ကျနော်တို့ ဟာ နောင်လာနောင်သားကိုလည်းပဲ မွေးလာတဲ့ကလေးကစပြီးတော့ သေနတ်သံ၊ ဗုံသံ၊ အမြောက်သံ မကြားရအောင် ဗျာ လုပ်ကြစမ်းပါ၊ ဒါကတော့ ကျနော်ပြောချင်ပါတယ်၊ လုပ်နိုင်တဲ့အချိန်တွေလည်း ရောက်နေပါပြီ၊ အဲ့ဒီတော့ ကျနော်တို့ လူကြီးများရဲ့ အပြစ်များလည်းအများကြီးရှိတယ် မလုပ်ခဲ့နိုင်ဘူး။
ဒီနေ့ လူမျိုးရေး ဘာသာရေးမုန်းတီးတွေဟာ မဖြစ်သင့်ကြောင်း လူတိုင်းမှာတိုင်းပြည်ကိုအကျိုးပြုတဲ့ စိတ်ရှိဖို့လိုအပ်ပြီး ဘယ်သူတွေက ဘယ်လောက်အကျိုးပြုနိုင်သလဲဆိုတာကိုသာ ကြည့်သင့်တယ်လို့ ဒီနေ့ဟောပြောပွဲကို တက်ရောက် သူတွေက အဓိကထားပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အလုပ်မှုဆောင် ဦးအေးသာအောင်က သူ့အနေနဲ့ ဘယ်ဘာသာ ဘယ်လူမျိုးဆိုတာကို ကြည့်ရှု့ပေါင်သင်း ဆက်ဆံတာမရှိဘူးလို့ ထည့်သွင်းဟောပြောခဲ့ပါတယ်။
ဦးအေးသာအောင်။ ။ကျနော်တို့ငယ်ငယ်က စာတွေဖတ်တော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ တိုင်ပွြတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်မှူးဘရှိန်ကိုလည်း ကျနော်လေးစားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့စိတ်မှာက လူတစ်ယောက်ကို အကဲဖြတ်တဲ့နေရာမှာ သူ့ရဲ့တန်ဖိုးက တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်ဓါတ်ခံယူခြင်း၊ ပြည်သူတွေအပေါ်မှာထားတဲ့ စိတ်ဓါတ်ခံယူခြင်းပဲ အရေးကြီးတယ်၊ လယ်လူမျိုးဖြစ်တယ်၊ ဘယ်ဘာသာကို ကိုးကွယ်တယ်၊ အသားအရောင်ဘယ်လိုရှိတယ် ဒါတွေအရေးမကြီးဘူး။
အခမ်းအနားကို ရေဝါရောင်သံဃာၤကွန်ရက်က ဆရာတော်တွေ၊ စာရေးဆရာ၊ ဆရာမတွေ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေလည်း တက်ရောက်ဟောပြောခဲ့ကြပါတယ်။ ဟောပြောပွဲကို ဘာသာပေါင်းစုံက လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်ရှုင်။