ငါးမင်းဆွေအမှု ပြန်သုံးသပ်ပေးဖို့ RSF တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ပုတ်ခတ်ရေးသားခဲ့တဲ့ အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ငါးမင်းဆွေအမှုမှာ ပြစ်ဒဏ်ကို အစိုးရအနေနဲ့ ပြန်ပြီးသုံးသပ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။
-
2018-09-21 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ပုတ်ခတ်ရေးသားခဲ့တဲ့ အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ငါးမင်းဆွေအမှုမှာ ပြစ်ဒဏ်ကို အစိုးရအနေနဲ့ ပြန်ပြီးသုံးသပ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
တချိန်က စစ်အစိုးရအလိုကျ ဆောင်းပါးတွေရေးသားခဲ့တဲ့ ငါးမင်းဆွေဟာ အစိုးရပိုင် Global New Light of Myanmar သတင်းစာမှာ ဆောင်းပါး ရေးသားခဲ့သူဖြစ်ပြီး ၂ဝ၁၈ ဇူလိုင်လ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။
ငါးမင်းဆွေကို တရားစွဲဆိုခဲ့တဲ့ အင်္ဂလိပ်ခေတ်က အစိုးရတာဝန်ရှိသူတွေကို ပုတ်ခတ်ပြောဆိုရင် အရေးယူတဲ့ ဥပဒေဟာ အတိုက်အခံတွေကို နှုတ်ပိတ်သလို ဖြစ်နေတယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ဆိုပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေ အသတ်ခံရတဲ့အမှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာကိုလည်း RSF အဖွဲ့က ပြစ်တင်ဝေဖန်ထားပြီး၊ အခုလို သတင်းသမားတွေကို ဆက်တိုက်ဆိုသလို ထောင်ဒဏ်ချမှတ်နေတာ၊ ပြစ်ဒဏ်တွေ တူညီနေတာဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း RSF က ရေးသားထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်အဆင့် ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈ဝ မှာ အဆင့် ၁၃၇ အထိ ကျဆင်းသွားတယ်လို့လည်း RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။