တစ်ပတ်အတွင်း စစ်ကိုင်းတိုင်းက မီးရှို့ခံရတဲ့ ကျေးရွာများ
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို မီးရှို့ခဲ့လို့ ထောင်နဲ့ချီတဲ့နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပြီး မီးရှို့ခံထားရတဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်းရရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း မီးရှို့ခံရတဲ့ ရွာတွေထဲမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာနဲ့ ပိတောက်ခြုံရွာ၊ ကန့်ဘလူမြို့နယ်က ရှမ်းကုန်းကျေးရွာ၊ မြောင်မြို့နယ်က မြစ်ဆုံကျေးရွာနဲ့ မြစ်သာကျေးရွာတို့ပါဝင်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က အိမ်ခြေလေးရာကျော်ရှိတဲ့ ထန်းကြီးရွာမှာဆိုရင် အိမ်ခြေသုံးရာလောက် မီးလောင်ပျက်စီးခဲ့သလို ထန်းကြီးဘူတာလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ရှစ်ရာနီးပါးရှိတဲ့ မြစ်ဆုံရွာမှာတော့ နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေက တစ်ရွာလုံးနီးပါး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။ လတ်တလော မီးရှို့ခံရတဲ့ ကျေးရွာတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာတော့ ဖုန်းခေါ်ဆိုလို့မရပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၀,၁၅၃ လုံး ပျက်ဆီးဆုံးရှုံးပြီးဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၂၁ လအတွင်း နိုင်ငံတစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ကလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။