အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတယ်လို့ NLD ပါတီ ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများများနိုင်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
-
စောဖိုးခွား
2020-11-09 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများများနိုင်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ရာခိုင်နှုန်း ၈၀ ကျော်နဲ့ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တာဖြစ်ပြီးတော့ အခုတကြိမ်ရွေးကောက်ပွဲမှာလည်း အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် နိုင်ထားပြီလို့ ဆိုပါတယ်။ ဒေါကတာမျိုးညွန့်ကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ဒေါက်တာမျိုးညွန့်တို့ NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လောက်နိုင်ပြီလို့ ပြောနိုင်မလဲ။
ဖြေ - ကျနော်တို့ အစိုးရဖွဲ့နိုင်တဲ့ ပြည်ထောင်စုလွှတ်တော်နေရာ အနေအထားရရှိပြီလို့ ကျနော်မှန်းပါတယ်။
မေး - ပြီးခဲ့တဲ့ ၂၀၁၅ ထက်ကို ပိုပြီး NLD တာ နိုင်တယ်လို့ ပြောကြတာတွေလည်း ရှိတယ်။ အဲ့ဒါအမှန်ပဲလား။
ဖြေ - ဟုတ်ပါတယ်ခင်ဗျာ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကျနော်တို့ ပြောခဲ့ပြီးသားပါ။ ၂၀၁၅ ထက် အောင်မြင်မှုရမယ်ဆိုတာ ကျနော်တို့ ပြောခဲ့ပြီးသားပါ။
မေး- ၂၀၂၀ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွားတယ်လို့ ဆိုနိုင်သလား။
ဖြေ - ရွေးကောက်ပွဲဟာတော်တော်လေးကို ပြဿနာ ကင်းကင်းရှင်းရှင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတဲ့ ရွေးကောက်ပွဲပါ။ ပြဿနာဖြစ်လောက်အောင် ထွေထွေထူးထူးမတွေ့ပါဘူး။
မေး - ပါတီတချို့က ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာတွေလည်းရှိတယ်ခင်ဗျာ့ NLD အနေနဲ့ ဒါကိုဘာများပြောနိုင်သလဲ။
ဖြေ- ဒါကတော့သူတို့တင်ပြတဲ့အခါကြမှ ဒီအကြောင်းအရာပေါ် မူတည်ပြီး စဉ်းစားရမှာပါ။ ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်ကို ပျက်ပြားစေနိုင်လောက်တဲ့ ကြီးမားတဲ့ပြဿနာမျိုးတွေတော့ သိပ်မတွေ့ပါဘူး။
မေး - တပ်မတော်အနေနဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော်တော်လေး ဝေဖန်ထားတာဆိုတော့ ရလဒ်ကို တပ်မတော်ဘက်က လက်ခံနိုင်မလား။
ဖြေ - ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေလည်း ရှိပါတယ်။ ဒီရွေးကောက်ပွဲဟာ ရလဒ်လက်မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားကြီး တရားမျှတမှုမရှိဘူးလို့ ပြောရင်တော့ ဒါဟာ သက်သက်စွပ်စွဲချက်ပဲ ဖြစ်ပါလိမ့်မယ်။
မေး - အခု NLD က နိုင်ပြီဆိုတော့ ပြည်သူတွေကို ဘာပြောချင်လဲ။ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ဆိုတာမျိုး ရှိလား။
ဖြေ- ဒါကတော့ UEC က တရားဝင်ထုတ်ပြန်ပြီးရင် ပြောပါလိမ့်မယ်။
မေး - တရားဝင် ဘယ်နေ့လောက်သိရမယ်လို့ ပြောနိုင်မလဲ။
ဖြေ - အခုတော့ UEC က ထုတ်ပြန်နေပါတယ်။ ဒါပေမဲ့ ထုတ်ပြန်တဲ့နှုန်းကတော့ အင်မတန်နည်းတယ်။ နှေးတယ်လို့ပြောရမယ်။ တကယ်တမ်းထုတ်ပြန်ရင် သုံးလေးရက်အတွင်းမှာ အပြီး ထုတ်ပြန်နိုင်လောက်တယ်။
မေး - ဒီနှစ်မှာ တိုင်းရင်းသားပါတီတချို့လည်း နိုင်ကြတာတွေ့တယ်။ တိုင်းရင်းသားတွေ လွှတ်တော်ထဲ ရောက်လာမှာကို NLD က ဘယ်လိုသဘောထားသလဲ။
ဖြေ - ၂၀၁၅ တုန်းကလည်း တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲရောက်လာတာပဲ။ ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးပါတီတွေကတော့ ကျနော်တို့နဲ့ မဟာမိတ်တွေအဖြစ် လုပ်နိုင်ဖို့ ဆောင်ရွက်ကြမှာပါပဲ။ ဥပမာပြောရရင် ကျနော်တို့ ကြိုးပမ်းခဲ့တယ်။ သို့သော်လည်း ၆၄ ရာခိုင်နှုန်းလောက်ပဲရပြီး ရှုံးနိမ့်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုရင်လည်း ကျနော်တို့ ပါတီတင်မက တိုင်းရင်းသားပါတီတွေပါ ထောက်ခံမဲပေးခဲ့ကြတာပဲ။
မေး - အခု NLD က နိုင်ပြီဆိုတော့ ဘယ်လောက်ရာခိုင်နှုန်းလို့ ပြောလို့ရမလား။
ဖြေ - စာရင်းမသေချာသေးလို့ ရာခိုင်နှုန်းတော့ မတွက်သေးပါဘူး။
မေး - NLD က သမ္မတ တင်မြှောက်ရေးအတွက် ရွေးထားတဲ့သူရှိပြီလား ။
ဖြေ -အဲ့ဒါတွေကတော့ နောက်ကိစ္စဆိုတော့ အခုကျနော်တို့ ကြိုမပြောသေးပါဘူး။
----------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)