ရေးမြို့နယ်က ကွမ်းသီးနဲ့ သက်မွေးဝမ်းကျောင်းရသူများ
ကွမ်းသီးအရင့်ကို ပြည်တွင်းမှာဖြန့်ချိသလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့ကြရပါတယ်။ ဇူလိုင်၊ သြဂုတ်လောက်မှာထွက်တဲ့ ကွမ်းသီးအနုကိုတော့ တရုတ်ကုမ္ပဏီတွေက ဝယ်ကြပါတယ်။
-
RFA Burmese
2024-12-03 -
-
-
အသက် ၆၀ အရွယ် ဦးစံငွေတစ်ယောက် ရင့်မှည့်နေတဲ့ကွမ်းသီးတွေကို တံချူနဲ့လိုက်ခူးတဲ့အလုပ်လုပ် နေတာပါ။ သူ့အိမ်ကနေ သုံးမိုင်ကျော်လောက်ဝေးတဲ့ဒီခြံထဲမှာ မနက်အရုဏ်တက်ကနေ တစ်ခါတလေ နေ့လယ်၊ တစ်ခါတလေ ညနေစောင်းတဲ့အထိ တစ်နေကုန် ခူးရပါတယ်။
ဦးစံငွေ(ကွမ်းသီးခြံလုပ်သား)။ ။"အခု ကျွန်တော်လာတာ မနက်အစောကြီး ၅ နာရီလောက်ဆို အိမ်ကနေ စထွက်တယ်။ ဒီကိုရောက်ရင် ဝါးတွေ ဘာတွေချည်ပြီးတော့ ခူးတာ။ အခု ဒါ ၈ နာရီထိုး ၈နာရီ မထိုးခင် ဒါ ခူးပြီးတော့မယ်။ တစ်ခါတလေ ၁၂ နာရီခွဲမှ။ တစ်ခါတလေ ညနေ ၄ နာရီထိုးလောက်မှ ပြီးတာပေါ့။ ခြံကြီးရင် ကြီးသလိုပေါ့ ကျွန်တော်တို့ ခူးတာကတော့"
ကွမ်းသီးပင်တွေက ပေခြောက်ဆယ်ကျော်လောက်မြင့်တတ်လို့ တချို့အပင်တွေကို အောက်ကနေ လှမ်းခူးလို့ရပေမယ့် တချို့အပင်တွေကိုတော့ လူကိုယ်တိုင်တက်ရပါတယ်။
"ခါတိုင်းနှစ်က ကွမ်းသီး အသားချိန်က ဈေးမရှိဘူးလေ။ ဈေးမရှိတာ သုံးနှစ်၊ လေးနှစ်လောက် ရှိပြီပေါ့နော်”
ကွမ်းသီးခူးခကတော့ တစ်ရက်မှ အနည်းဆုံး ငါးထောင်လောက်ကနေ အများဆုံး နှစ်သောင်းလောက်ပဲ ရတယ်လို့ ပြောပြပါတယ်။
ဦးစံငွေ(ကွမ်းသီးခြံလုပ်သား)။ ။"ကွမ်းသီး တစ်သောင်းရမှ ပိုက်ဆံနှစ်သောင်းရမယ် တစ်နေကုန်ခူးမှ။ (ခု) ဒါ တစ်သောင်း မပြည့်သေးဘူး။ အဲဒီအခါ ဒါ(ကွမ်းသီး) ငါးထောင်လောက်ပဲ ဆိုတော့ ပိုက်ဆံ တစ်သောင်းလောက်ရမယ်"
ခြွေချလိုက်တဲ့ ကွမ်းသီးတွေကို ခြံပိုင်ရှင်ဒေါ်စန်းဝင်းတို့သားအမိက လိုက်ကောက်ပြီး သိမ်းပါတယ်။
ကွမ်းသီးခြံလုပ်ငန်းမှာ အသီးခူးတာ၊ ကောက်တာ၊ နေလှန်းရမဲ့နေရာကိုသယ်တာ၊ နေလှန်းဖို့ မြေနေရာငှားခပေးရတာ၊ စတဲ့ အဆင့်ဆင့်ကုန်ကျစရိတ်တွေရှိပါတယ်။ ဒါကြောင့် ကွမ်းသီးဈေးအရနည်းပြီး၊ တစ်ဖက်မှာ အထွေထွေကုန်ကျစရိတ်နဲ့ ကုန်ဈေးနှုန်းတက်လာတဲ့အခါမှာတော့ ခြံလုပ်သားတွေရော၊ ဒေါ်စန်းဝင်းတို့လို ခြံရှင်တွေပါ တွက်ခြေမကိုက်ကြဘူးလို့ ပြောပြပါတယ်။
ဒေါ်စန်းဝင်း (ကွမ်းသီးခြံ ပိုင်ရှင်)။ ။"ကွမ်းသီးခူးတဲ့အခါဆို (အလုံး) တစ်သောင်းမှာဆိုရင် (ပိုက်ဆံ) နှစ်သောင်းပေးရတယ်။ ကောက်ခဆို လည်း နှစ်သောင်းပေးရတယ်။ ဆိုင်ကယ်နဲ့ တိုက်(သယ်) သွားမယ် ကျွန်းကို။ အဲဒီမှာလည်း နှစ်သောင်း၊ ပြီးရင် ကျွန်းပေါ်လှန်းခလည်း နှစ်သောင်း အဲလိုမျိုးတွေပေးရတာပေါ့။ လွန်ခဲ့တဲ့ ဟိုတုန်းကတော့ အဲလိုမဟုတ်ဘူး တစ်သောင်းနှစ်ထောင်ပဲပေးရတယ်''
ရေးမြို့နယ်မှာ ဒေသခံအများစုက ကွမ်းသီးစိုက်ကြပါတယ်။ ကွမ်းသီးက တော်သလင်းလကစပြီး သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာ ရင့်မှည့်ပါတယ်။ တောင်သူတွေကတော့ ခူးဆွတ်ပြီး အခြောက်လှန်းထားတဲ့ ကွမ်းသီးတွေကို ငွေလိုတဲ့အချိန်မှာ ထုတ်ရောင်းကြပါတယ်။
ဒေါ်စန်းဝင်း (ကွမ်းသီးခြံ ပိုင်ရှင်)။ ။"အခြောက်ကို ဒီကနေပြီး ကဆုန်လလယ်လည်း ရောင်းရင်ရောင်းတယ်။ ဝါဆိုလည်း ရောင်းရင် ရောင်းတယ်။ ကိုယ့်ရဲ့ အခက်အခဲပေါ်ပဲ မူတည်တယ်ပေါ့နော်။ ကိုယ်ခက်ခဲရင် ခက်ခဲသလိုပဲ စောစောစီးစီး ရောင်းလိုက်တယ်။ အခက်အခဲမရှိဘူးဆိုလည်း ဝါဆိုထိ စောင့်ရောင်းတယ်ပေါ့နော်။ အဲ့ပုံစံမျိုး ကွမ်းသီးက အဲလိုမျိုး ပိဿာချိန်နဲ့ အခြောက်ပေါ့"
ကွမ်းသီးအရင့်ကို ပြည်တွင်းမှာဖြန့်ချိသလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့ကြရပါတယ်။ ဇူလိုင်၊ သြဂုတ်လောက်မှာထွက်တဲ့ ကွမ်းသီးအနုကိုတော့ တရုတ်ကုမ္ပဏီတွေက ဝယ်ကြပါတယ်။
ဒေါ်နွယ်နီအေး (ကွမ်းသီးကုန်သည်)။ ။"အိန္ဒိယတို့၊ ရခိုင်ဘက်တို့ အဲဒီကို အဓိကပေါ့၊ ဒီနှစ်ကွမ်းသီး အခြေအနေက အနုတွေအခူးများတော့ ကွမ်းသီး အမှည့်တွေကတော့ သိပ်မရှိဘူးပေါ့၊ ဟိုခါတိုင်းနဲ့ဆိုရင် သုံးပုံပုံ နှစ်ပုံလောက် လျော့သွားတာပေါ့၊ တစ်ပုံလောက်တော့ ကျန်တာပေါ့။ ကွမ်းသီးအနုကျတော့ ပိဿာနဲ့ ဝယ်တယ်။ တစ်ပိဿာကို တစ်သောင်းနဲ့ တစ်ထောင်ရှိတယ်။ တစ်သောင်း နှစ်ထောင်၊ တစ်သောင်းသုံးထောင် အဲလိုပေါ့။ အစားစားပေါ့။ ဒီ အရင့်တွေကျတော့ အသားချိန်ပေါ့။ ခါတိုင်းနှစ်က ကွမ်းသီး အသားချိန်က ဈေးမရှိဘူးလေ။ ဈေးမရှိတာ သုံးနှစ်၊ လေးနှစ်လောက် ရှိပြီပေါ့နော်"
ဆက်နွှယ်သောသတင်းများ
ရေးမြို့နယ်က ပရဟိတအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီး ကူညီမှုတွေ ရပ်ဆိုင်းထားရ
ရေးမြို့နယ်က စစ်ကောင်စီ ကြိုးတံတားဂိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်
ရော်ဘာခင်းတွေကြား မျှော်လင့်ချက်အတွက် ရုန်းကန်နေရသူများ
ဒါကြောင့် မိသားစုဝမ်းရေးအတွက် ကွမ်းသီးလုပ်ငန်းကို မှီခိုနေရတဲ့တောင်သူတွေအနေနဲ့ ဒီနှစ်မှာ စျေးကောင်းရဖို့ မျှော်လင့်နေကြပါတယ်။
ဒေါ်စန်းဝင်း (ကွမ်းသီးခြံ ပိုင်ရှင်)။ ။"မနှစ်ကဆိုရင် တစ်ပိဿာမှ ၂၃၀၀ ပဲ ရောင်းရတယ်ဆိုတဲ့အတွက်ကြောင့် အဆင်မပြေဘူးပေါ့။ ဒီနှစ်ကျတော့ အဆင်ပြေမယ်ပဲထင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ဈေးနှုန်း နည်းနည်းတက်လာရင် ကွမ်းသီးလည်း ဈေးလိုက်တက်မယ်လို့ မျှော်လင့်တယ်ပေါ့နော်"