ရေးမြို့နယ်က စစ်ကောင်စီ ကြိုးတံတားဂိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်
2024.01.20

ခရီးသွားပြည်သူတွေဆီကနေ ငွေတောင်းခံနေတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ ကြိုးတံတားဂိတ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်ပါတယ်။
မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်အဝေးပြေးကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နဲ့ ရေးသိမ်းငှက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်တွေဘက်ကလည်း လေးဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ -၅၈၈ နဲ့ ခမရ - ၃၄၃ တွေကနေ လက်နက်ကြီးနဲ့ အကြိမ် ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခမရ ၃၄၃ နဲ့ အမတ ၁၀၆ က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရေး-သံဖြူဇရပ် ကားလမ်းမှာ သွားလာနေတဲ့ အရပ်သားကားတွေ ထိမှန်ခဲ့တယ်လို့လည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ဂိတ်စခန်းတိုက်ခိုက်ခံရတာနဲ့ ခရီးသွားကားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေးမြို့နယ်အခြေစိုက် စကခ - ၁၉ လက်အောက်ခံ ခမရ (၅၉၁) နဲ့ ခမရ (၅၈၃) တို့ကို လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။