KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

2025.05.05
KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ ကရင်အမျိုးသား တပ်မတော် KNA ခေါင်းဆောင် ဗိုလ်မှူးစောချစ်သူ။
Myanmar Peace Monitor

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကရင်အမျိုးသား တပ်မတော် KNA ကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူလိုက်သလို အဖွဲ့ ခေါင်းဆောင် စောချစ်သူ နဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး နဲ့ စောချစ်ချစ်တို့ကိုလည်း ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။

အခုလိုအရေးယူရတာဟာ အမေရိကန်နိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခြင်း၊ လူကုန်ကူးမှု နဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကြောင့်လို့ ဆိုပါတယ်။

KNA ထိန်းချုပ်ရာ ဒေသဟာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိပြီး၊ အဲဒီဒေသတွေမှာ အွန်လိုင်းက လိမ်လည်တဲ့ အဖွဲ့ အစည်းအများအပြား ရှိနေပါတယ်။ ဒါ့အပြင် KNA ဟာ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကနေလည်း အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

" KNA ပါဝင်လုပ်ကိုင်နေတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ရရှိစေပြီး၊ လိမ်လည်ခံရတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ ခက်ခက်ခဲခဲ ရရှိထားငွေတွေ ဆုံးရှုံးခဲ့ရတယ်" လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Michael Faulkender က ပြောပါတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ အကျိုးအမြတ်ရရှိနေသူတွေကို အရေးယူရေး နဲ့ ဒီလုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။