ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ

RFA Burmese
2025.05.07
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ စစ်ဘေးဒုက္ခသည်များကို တွေ့မြင်ရစဉ်။ Photo: Karen Peace Support Network
KPSN

ထိုင်း-မြန်မာနယ်စပ်တလျှောက် က ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလျှော့ချလိုက်တာကြောင့် ဒုက္ခသည် တစ်သိန်းကျော် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံနေရကြောင်း၊ အမေရိကန်အပါအဝင် အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ အစုအပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကမ္ဘာတဝှမ်းက ကရင်လူမှုအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နယ်စပ် ဒုက္ခသည်စခန်းတွေက ကရင် နဲ့ ကရင်နီ (ကယား) လူမျိုး အများစုဖြစ်တဲ့ ဒုက္ခသည် ၁၀,၈၀၀၀ ဟာ လက်ရှိမှာ စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အသက် ငါးနှစ်အောက် ကလေးတွေအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိတယ်လို့ ဖော်ပြပါတယ်။ အခုလို မလျှော့ချခင်ကထဲက ဒုက္ခသည်တွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ အနိမ့်ဆုံး စားနပ်ရိက္ခာထက် လျော့နည်းရရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အလှူရှင်တွေက ထိုင်းနိုင်ငံရှိ ဒုက္ခသည်တွေအတွက် ရံပုံငွေ ဖြတ်တောက်ခြင်း ဒါမှမဟုတ် လျှော့ချခြင်းတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအကူအညီတွေ ရယူခဲ့ရကြောင်း၊ USAID အပါအဝင် နိုင်ငံတကာအကူအညီသစ်တွေ ဖြတ်တောက်ခြင်းကြောင့် ကရင်ပြည်နယ်နဲ့ ပတ်ဝန်းကျင် ဒေသတွေက ဒုက္ခသည် ၁ သန်းကျော်အပါအဝင် မြန်မာနိုင်ငံတဝှမ်းက ပြည်တွင်းနေရပ်စွန့်ခွာသူတွေအတွက် စားနပ်ရိက္ခာအကူအညီ ပြင်းထန်စွာသက်ရောက်နိုင်ကြောင်း ဖော်ပြပါတယ်။

အမေရိကန် နဲ့ အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ ထိုင်းနိုင်ငံရှိ ဒုက္ခသည်တွေအတွက် အကူအညီဖြတ်တောက်မှု တွေ ပြန်ရုတ်သိမ်းဖို့၊ လက်ရှိအလှူရှင်တွေအနေနဲ့ ဒုက္ခသည်တွေ နဲ့ IDP တွေအတွက် ရံပုံငွေတိုးမြှင့်ပေးဖို့၊ ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေအပေါ် ကန့်သတ်မှု ရုတ်သိမ်းပေးဖို့ ဒီအဖွဲ့တွေက တောင်းဆိုပါတယ်။

ဒုက္ခသည်တွေ နဲ့ ပြည်တွင်းနေရပ်စွန့်ခွာရခြင်း ရဲ့ အခြေခံအကြောင်းအရင်းက မြန်မာစစ်ကောင်စီရဲ့ လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နေအိမ်တွေ စာသင်ကျောင်းတွေ စိုက်ခင်းတွေ ဘာသာရေးနေရာတွေ နဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် လေယာဉ်ဆီထောက်ပံ့မှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ အကောင်အထည်ဖော်ဖို့လည်း ဒီအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။