ကျူးကျော်နေအိမ်ကနေ ကမ္ဘာ့အဆင့်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူ

RFA Burmese
2023.06.13
ကျူးကျော်နေအိမ်ကနေ ကမ္ဘာ့အဆင့်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူ ကာယအားကစားမယ် မသဲစုအား သူမရရှိခဲ့သည့် ဆုများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်က အိမ်တစ်အိမ်ရှေ့မှာထိုင်ရင်း ဟိုဒီ ငေးမောနေတဲ့ မိန်းမပျိုလေးကတော့ အသက် ၂၁ နှစ်အရွယ် ကာယအားကစားမယ် မသဲစု ဖြစ်ပါတယ်။

လေယာဉ်စီးရဖို့ဆိုတာ စိတ်ကူးပဲရှိခဲ့တဲ့ မသဲစုဟာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနဲ့ အားကစားပြိုင်ပွဲမှာ ပထမဆု၊ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၅၃ ကြိမ်မြောက် အာရှကာယဗလနဲ့ ကိုယ်ကာယအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေအပါအဝင် ဆုသုံးဆုရရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာလည်း တတိယဆုကိုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က ၁၈ နှစ်ပဲရှိပါသေးတယ်။

"ဟို ခုနှစ်တွေအများကြီးထဲမှာ ၂၀၁၉ လောက်ပျော်ခဲ့တဲ့ ခုနှစ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုတွေ ရတဲ့အချိန်မှာ စတိတ်စင်ပေါ်မှာပေါ့နော်။ ပြိုင်ပွဲဝင်တဲ့ စင်ပေါ်မှာ မြန်မာနိုင်ငံအလံကြီးကို ခြုံလိုက်ရတဲ့အခါမှာ ကိုယ့်ရင်ထဲကို အရမ်းအေးသွားတယ်။ ဒါပေမဲ့ အဲလို ခံစားချက်မျိုးတစ်ခါမှ မရခဲ့ဘူး"

အရင်ကလည်း မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၂၀ ထက်မနည်း ရရှိခဲ့ပြီး ဒီအထဲမှာ ပထမဆုက အများဆုံးလို့ မသဲစုကပြောပါတယ်။

သူပထမဆုံး အားကစားကို စပြီးစိတ်ဝင်စားခဲ့တာက ၂၀၁၄ မှာပါ။ ပဥ္စမတန်း နောက်ဆုံး စာမေးပွဲဖြေနေတဲ့နေ့မှာပဲ နွေရာသီအေရိုးဗစ်သင်တန်းခေါ်တာကို အကသင်တန်းထင်ပြီး သွားလျှောက်ရာကနေ အားကစား လောကထဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လူရွေးပွဲမှာပါပြီး ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ဆုတံဆိပ်တွေ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် မှာ ဝူရှူးပါ တွဲဖက်လေ့ကျင့်ကစားခဲ့ပြန်ပါတယ်။ ဝူရှူးကိုလည်း မြို့နယ်အဆင့် ကျောင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပြီး ရွှေနဲ့ငွေ ဆုနှစ်ဆု ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ နောက်ပိုင်း သင်ပေးတဲ့ဆရာ ပြောင်းသွားလို့ ဝူရှူးကို နားပြီး အေရိုးဗစ်ကိုသာ တစိုက်မတ်မတ်ကစားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ရဲ့ လူရွေးပွဲမှာ ဝင်ပြိုင်လိုက်တဲ့အတွက် သူ့ကို သင်ပေးတဲ့ ဆရာမ ဒေါ်ရီရီဝင်းက မျက်စိကျပြီး ခေါ်လိုက်လို့ ကာယကြံ့ခိုင်မှုအားကစားဘက်ကို ရောက်လာခဲ့တယ်လို့ပြောပါတယ်။ ဒီလိုနဲ့ မြန်မာ့လက်ရွေးစင် ဖြစ်လာခဲ့တာပါ။

"ငယ်ငယ်တုန်းကဆိုရင် တကယ် လေယာဉ်စီးဖူးချင်တာ အရမ်းပဲ။ ဒါပေမဲ့ ကြီးလာတော့ မမျှော်လင့်ထားတဲ့အရာတွေကပေါ့နော်၊ တကယ်ဖြစ်လာခဲ့တယ်။ အဲဒီအတွက် ပျော်ရတယ်။ လူက ဆင်းရဲပေမယ့်လည်း စိတ်ကချမ်းသာရတယ်။ စိတ်ချမ်းသာရတော့ ကိုယ်က ပျော်တယ်လေ။ ပျော်တဲ့အခါကျတော့ လုံးဝ၊ ဒီဆင်းရဲတဲ့ဒဏ်ကို လုံးဝ ခံနိုင်တယ်"

မသဲစု ဒီလိုတွေ လုပ်နိုင်ဖို့ နောက်ကွယ်က ပံ့ပိုးပေးနေသူတွေကတော့ သူ့အဘွားနဲ့ အဖေပါ။ မိဘတွေက သူ တစ်နှစ်ခွဲအရွယ်မှာ အိမ်ထောင်ရေးပြိုကွဲသွားလို့ သူ့အမေကို လုံးဝမမြင်ဖူးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မသဲစုကို သူ့အဘွားက အချစ်ပိုခဲ့တာလို့ ဆိုပါတယ်။ မသဲစု လေ့ကျင့်နိုင်ဖို့၊ သွားရေး၊ လာရေး၊ စားသောက်ရေးအတွက် လိုအပ်တာမှန်သမျှကို ထောက်ပံ့နိုင်ဖို့ အဘွားနဲ့ အဖေက နေပူ မိုးရွာမရှောင်နဲ့ ရရာအလုပ်မှန်သမျှလုပ်ခဲ့ကြပြီး ထောက်ပံ့ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဘွားက မသဲစုကိုထောက်ပံ့နိုင်ဖို့ ကျန်စစ်သားရပ်ကွက်စျေးထဲမှာ ငါးခြောက်နဲ့ ကုန်စိမ်းမျိုးစုံရောင်းပြီး တခြား ကြုံရာကျပန်းတွေလည်း လုပ်ခဲ့သလို၊ မသဲစုရဲ့ အဖေက ဆိုင်ကယ်ကယ်ရီမောင်းပြီး ငွေရှာပံ့ပိုးတယ်လို့ သူက ပြောပါတယ်။

ကာယအားကစားမယ် မသဲစု ရရှိခဲ့သည့် ဆုအချို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကာယအားကစားမယ် မသဲစု ရရှိခဲ့သည့် ဆုအချို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တစ်ဖက်မှာလည်း မသဲစုတစ်ယောက် ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့လို့ ပင်ပန်းသမျှ အမောပြေခဲ့ရတယ်လို့ မသဲစုရဲ့ အဘွား ဒေါ်အုန်းရွှေက RFA ကို ပြောပြပါတယ်။

"ကမ္ဘာ့ပွဲမှာသွားပြီး ပြိုင်တဲ့အခါကျတော့ တတိယဆု ရခဲ့တယ်။ ပြိုင်တဲ့နိုင်ငံ အများကြီးထဲမှာမှ တတိယဆု ဝင်လာခဲ့တယ်။ အဲဒါလည်း ပီတိဖြစ်ခဲ့ရသေးတယ် တစ်ဖန်။ အဲလောက်ထိ၊ အခုနောက်ပိုင်းတော့ မပံ့ပိုးပေးနိုင်တော့ဘူးပေါ့ မေကြီးတို့။ မကြိုးစားနိုင်တော့ဘူး။ သူလည်း ရပ်တန့်သလိုဖြစ်နေတယ်။ ပံ့ပိုးပေးမယ့်သူလည်း မရှိခဲ့ဘူး။ မေကြီးတို့လည်း မတတ်နိုင်လို့ နောက်ဆုတ်နေတာ။ ဒုက္ခတွေအများကြီး ရောက်ခဲ့ပါတယ်"

ကိုဗစ်ကပ်ရောဂါဖြစ်ပြီး နောက်ပိုင်းကစလို့ သူ့အဘွားက စျေးလည်းမရောင်းနိုင်တော့သလို အလုပ်အကိုင်တွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

မသဲစုရဲ့ အဖေကတော့ ဒီနှစ် နှစ်စပိုင်းကစပြီး ဒလမြို့ပေါ်မှာ ဆိုင်ကယ်မမောင်းရ ကန့်သတ်ချက်ကြောင့် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက်ကိုတောင် ရန်ကုန်မြစ်ထဲမှာ ပိုက်ကွန်ပစ်ပြီး ဟင်းစားရှာနေတာပါ။

ဒီလိုအခြေအနေကြောင့် ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးပေါ် မမျှော်လင့်ရဲတော့ဘူးလို့ RFA ကို ပြောပါတယ်။

"သူ့ကိုတော့ ဖြစ်စေချင်တာပေါ့။ သူဖြစ်ချင်တဲ့ အားကစားမှူးတို့လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲတွေလည်း သူက ပြိုင်ချင်တယ်။ ဒါပေမဲ့ ကိုယ်က မမျှော်လင့်ရဲတော့တာ။ ကိုယ့်မှာ လုပ်အားလည်း မရှိတော့ဘူးလေ။ အသက်ကလည်း ကြီးပြီဆိုတော့ အလုပ်ခေါ်မယ့်သူက မရှိတော့ဘူး။ ဆိုင်ကယ်ကယ်ရီကလည်း မမောင်းရတော့ဘူး ဆိုတော့ မမျှော်လင့်ရဲတော့ဘူး။ အဲဒါကြောင့် အခုနောက်ပိုင်း လိုက်တောင်မပို့နိုင်ဘူး။ အရင်ကဆိုရင် ထက်ကြပ်မကွာလိုက်ပို့တာ"

"ပြိုင်ပွဲတွေလည်း သူက ပြိုင်ချင်တယ်။ ဒါပေမဲ့ ကိုယ်က မမျှော်လင့်ရဲတော့တာ။ ကိုယ့်မှာ လုပ်အားလည်း မရှိတော့ဘူးလေ။ အသက်ကလည်း ကြီးပြီဆိုတော့ အလုပ်ခေါ်မယ့်သူက မရှိတော့ဘူး"

ပထမအိမ်နေရာက မြေပိုင်ရှင်ပေါ်လာတော့ သူတို့လက်ရှိနေရာကို ပြောင်းရွှေ့လာခဲ့တာ ငါးလကျော်လောက်ပဲ ရှိပါသေးတယ်။

မသဲစုကိုသင်တန်းနည်းပြတွေက လေ့ကျင့်ရေးဆင်းဖို့ ခေါ်ရင်တောင် တစ်ရက်ကို အနည်းဆုံး လမ်းစရိတ် ကျပ်နှစ်ထောင်မတတ်နိုင်လို့ လက်လျှော့နေရတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူ ဇွဲမလျှော့သေးဖူးပါဘူး။

"ရည်မှန်းချက်က ရှိတယ်။ ရည်မှန်းချက်ရှိတယ်ဆိုတာ ညီမ ကိုယ်ပိုင် အိမ်လေး၊ ကိုယ်ပိုင် ခြံလေးနဲ့ နေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပေါ့နော်၊ ပထမနေတဲ့ နေရာကနေပဲ အခုပြောင်းရွှေ့လိုက်ရတယ်။ ပြောင်းရွှေ့လိုက်ရတယ်ဆိုတာက ညီမလေးတို့က ကျူးကျော်လေ။ ကျူးကျော်ဆိုတော့ ပိုင်ရှင်အစစ်အမှန်နဲ့ လာတော့ ပြောင်းရွှေ့ နေထိုင်ပေးရတယ်။ အဲဒီခါမှာကျတော့ ကိုယ့်မိဘတွေ ကြည့်လိုက်ရင် သူတို့အရမ်း ခေါင်းစားရတယ်။ ဒီနေရာကနေပြီးတော့ နောက်တစ်နေရာရွှေ့တယ် ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ၊ မိသားစုတစ်စုမှာ။ ဒါက လူကြီးတွေလည်း အရမ်းခေါင်းစားရတယ်။ အဲဒါကြောင့်မို့ ညီမက ကိုယ်ပိုင်အိမ်လေး၊ ကိုယ်ပိုင်ခြံနဲ့ မိဘတွေကိုပေါ့နော် ထားချင်တဲ့ဆန္ဒရှိတယ်။ ပြီးသွားရင် အလုပ်ကိုလည်း ညီမ ကိုယ်ပိုင်ကလပ်တစ်ခု ပုံစံမျိုးလေး ဖွင့်ချင်တယ် ပေါ့နော်"

မသဲစုလို နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့လူငယ်တွေကို တတ်နိုင်သူတွေက မြေတောင်မြှောက်ပေး သင့်ပြီး အစွမ်းရှိသလောက် ဘဝတွေကို ပြောင်းလဲစေချင်တယ်လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

"မိဘရဲ့ စီးပွားရေးအခြေအနေကလည်း မပံ့ပိုးနိုင်တဲ့အခါကျတော့ တစ်ဦး တစ်ယောက်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တွေကများ ဒီကလေးကို မီးမောင်းထိုးပေးမယ်ဆိုရင်တော့ သူ့ရဲ့ အနေအထားလေးက အများကြီး ပျံသန်းသွားလို့ရတယ်။ ပျံသန်းနိုင်တဲ့ အရည်အချင်းလည်း ဒီကလေးလေးမှာ အများကြီးရှိလောက်တယ်လို့ ဦးတို့က တွေးတယ်လေ"

ဒါပေမဲ့လည်း မသဲစုအတွက်ကတော့ ကျပ်တည်းလှတဲ့ စားဝတ်နေရေးကြောင့် မရေရာ၊ မသေချာတဲ့ သူ့ရဲ့ အနာဂတ်အိပ်မက်တွေအတွက် ဆက်ပြီးရုန်းကန်နေရဦးမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။