မြန်မာ့ရိုးရာ မီးပုံးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးဝန်းကျင်မှာ နေထိုင်သူတွေဟာ သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ မီးပုံးလုပ်နေသူတစ်ဦးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးဝန်းကျင်မှာ နေထိုင်သူတွေဟာ သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။

မီးပုံးလုပ်ငန်းကို ခါတော်မီလုပ်ငန်းလို့လည်း ခေါ်ကြပါတယ်။

သီတင်းကျွတ် အခါသမယရောက်ရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အိမ်မှာ မီးပုံးအလှတွေ ချိတ်ဆွဲလေ့ရှိကြပါတယ်။

ကလေးတွေကတော့ လက်နဲ့တွန်းလို့ရတဲ့ အရုပ်ပုံအမျိုးမျိုး မီးပုံးတွေနဲ့ ဆော့ကစား ကြပါတယ်။

ဒီနှစ်မှာတော့ မီးပုံးလုပ်ငန်းအတွက် အသုံးပြုတဲ့ စက္ကူနဲ့ဝါးတွေ အရင်နှစ်ထက် နှစ်ဆကျော် စျေးတက်လာပါတယ်။

"ကုန်စျေးနှုန်းတွေ အရမ်းတက်နေတဲ့အတွက် အစ်မတို့အတွက်လည်း မကျန်ဘူး။ ကလေးတွေအတွက် အဆင်ပြေအောင်လို့ ရောင်းပေးလိုက်တာပဲရှိတယ်။ အမြတ် မကျန်ဘူး။ အရင်နှစ်တွေကတော့ မြတ်တယ်။ ၁၅၀၀ ဆိုလည်း ဝယ်သွားတယ်။ ၂၀၀၀ ဆိုလည်း ဝယ်သွားတယ်။ ၃၀၀၀ ဆိုလည်း ဝယ်သွားတာပဲ။ ဒီနှစ်က အကုန်လုံး စီးပွားပျက်နေတဲ့အတွက် အစ်မတို့လည်း ပါးစပ်က မခေါ်ရဲဘူး။ အရင်က ဖောက်သည် ၁၂၀၀ ပေးလို့ရှိရင် ဒီမှာ ၂၀၀၀ နဲ့ ရောင်းလို့ရတယ်။ ဒီနှစ်ကတော့ ဖောက်သည် ၁၂၀၀ ဆိုလည်း ၁၅၀၀ ပဲ ရောင်းလို့ရတယ်"

ဒီမီးပုံးတွေကိုတော့ ဝါးနဲ့ စက္ကူကို အခြေခံပြီး ဝါးခွဲ၊ ဝါးဖြတ်၊ ဝါးချိုး၊ ဝါးရိုက်၊ စက္ကူကပ်၊ ပန်းချီဆွဲစတဲ့ အရာတွေကို တစ်ဆင့်ချင်းစီ လုပ်ရတာပါ။

မီးပုံးပုံစံ ပုံသေကတော့ ကြယ်၊ မြခွက်၊ ဗန်ဒါရွက်၊ အဝိုင်း၊ လေးထောင့်၊ ဘီလူးမ မျက်ကွင်း စတဲ့ ပုံစံတွေပါ။

အရုပ်ပုံစံ အနေနဲ့ကတော့ ကြက်ဖ၊ ဒေါင်း၊ ငါး၊ ယုန်၊ ဇီးကွက်နဲ့ ဂျိုကာရုပ်ပုံတွေကို လုပ်ကြသလို မှာယူတဲ့ အရုပ်ပေါ်မူတည်ပြီး လုပ်ပေးရတာလည်း ရှိတယ်လို့ မီးပုံးလုပ်သူတွေက ပြောပါတယ်။

ကုန်စျေးနှုန်းတက် အရောင်းအဝယ် အရင်လောက် အဆင်မပြေပေမယ့် ဒီမီးပုံးလုပ်ငန်း ကိုတော့ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းပြီး လုပ်နေကြတာလည်း ဖြစ်ပါတယ်။

"လက်မှုပညာ တိမ်ကောတာ မဟုတ်ဘူး။ လက်ရှိလူတွေ တော်တော်များများ မရှိတော့ဘူး။ ကျနော့်လုပ်သက် ၅၅ နှစ်ဆိုတာပဲ တွက်ကြည့်။ အဲလူတွေက လွန်ခဲ့တဲ့ အနှစ် ၇၀ က ရှိတဲ့သူတွေက ရှိတယ်၊ မရှိတဲ့သူတွေက မရှိတော့ဘူး။ မရှိတာများတယ်။ တချို့ကရှိပေမယ့် မလုပ်နိုင်ကြတော့ဘူး။ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဖို့ ကျနော့် ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ အကုန်ဆက်ထိန်းပေးပါတယ်။ မျိုးဆက်က ဆက်လုပ်မှ ကောင်းတာ။ လက်မှုလုပ်ငန်းက ရှင်သန်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ရတယ်"

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက တရုတ်မီးပုံးတွေ ပေါ်လာပေမယ့် မြန်မာ့ လက်မှု မီးပုံးတွေကတော့ လက်ရှိအချိန်အထိ ရောင်းနေရဆဲ ဖြစ်ပါတယ်။

အရင်က ဗားကရာဝန်းကျင်မှာ အလုပ်သမားအများအပြားနဲ့ မီးပုံးလုပ်ငန်းလုပ်ကြပေမယ့် အခုတော့ တစ်ပိုင်တစ်နိုင်ပဲ လုပ်နိုင်ကြတော့တယ်လို့ မီးပုံးလုပ်သူတွေက ပြောပါတယ်။

"အရင်တုန်းကဆိုလို့ရှိရင် အလုပ်သမားတွေ ဘာတွေခေါ်လုပ်တယ်။ အရောင်းအဝယ်က မကောင်းတော့တဲ့အခါကျတော့ နယ်တွေက ဆင်းမဝယ်တော့ဘူး။ ကိုယ်တိုင်လုပ်တာ များလာကြတယ်။ အရင်က ကျုံပျော်တို့၊ လပွတ္တာတို့က လာဝယ်။ အခုက အဲလို လာမဝယ်တဲ့အခါကျတော့ မိသားစု တစ်နိုင်တစ်ပိုင်ပဲ လုပ်တော့တယ်။ အလုပ်သမား မခေါ်တော့ဘူး"

လက်ရှိ မီးပုံးတွေကိုတော့ မြန်မာငွေ ၁၅၀၀ ကျပ်ကနေ တစ်သောင်းကျော်အထိ ပုံစံပေါ် မူတည်ပြီး စျေးအမျိုးမျိုးနဲ့ ရောင်းနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org