ပြည်ပပို့ရတဲ့ မှော်ဘီက မြက်တံမြက်စည်းအလုပ်ရုံ

RFA Burmese
2024.02.26
ပြည်ပပို့ရတဲ့ မှော်ဘီက မြက်တံမြက်စည်းအလုပ်ရုံ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ မြက်တံမြက်စည်းအလုပ်ရုံလုပ်ငန်းတစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာမှာ လူကြီးလူငယ်မရွေး အလုပ်ဝင်လုပ်နိုင်တဲ့ မြက်တံမြက်စည်းအလုပ်ရုံတစ်ရုံ ရှိပါတယ်။ အဲဒီအလုပ်ရုံကထွက်တဲ့ တံမြက်စည်းတွေကို ပြည်တွင်း စျေးကွက်အပြင် ကိုရီးယား၊ စင်ကာပူစတဲ့ ပြည်ပနိုင်ငံ ငါးနိုင်ငံကို တင်ပို့ရောင်းချနေပါတယ်။

မြင်ကွင်းကတော့ မြက်တံမြက်စည်းတွေမှာရှိနေတဲ့ အမှုန်အမွှားတွေကို စက်အကူနဲ့ ရှင်းထုတ်နေတာပါ။

ပဲခူးရိုးမ၊ ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းဘက်တွေမှာ အလေ့ကျပေါက်တဲ့ မြက်ရိုင်းရှည်တွေကို တံမြက်စည်းလုပ်ပြီး ပြည်တွင်းတင်မကဘဲ ပြည်ပကိုပါ တင်ပို့နေတဲ့ “ဝင်ငွေတိုး” ဆိုတဲ့ တံမြက်စည်းလုပ်ငန်းလေးပါ။

ဒီလုပ်ငန်းကို ဦးတင်ဦးနဲ့ ဒေါ်နန်းနီဆိုတဲ့ ဇနီးမောင်နှံ တည်ထောင်ထားတာ ဖြစ်ပါတယ်။

"ကျွန်တော့်တံမြက်စည်းမှာ အမှုန်မရှိဘူး။ အရိုး၊ ဒီမှာ ကွာလတီအပိုင်းကို သူတို့ (ပြည်ပနိုင်ငံ) သတ်မှတ်တဲ့ သူတို့မှာထားတဲ့ ဒီဇိုင်းအတိုင်းကို ကျွန်တော်တို့ အလေးချိန်၊ ကွာလတီအရိုးအရှည်၊ ခိုင်ခံ့မှု၊ သူတို့စိတ်တိုင်းကျ၊ ဝယ်သူစိတ်ချမ်းသာတဲ့အထိ ဝယ်သူစောဒကမတက်နိုင်အောင် ကျွန်တော်အာမခံတယ်"

သူတို့တံမြက်စည်းကို တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယကို တစ်လမှာ အချောင်းရေ ခြောက်သောင်းကနေ ခုနစ်သောင်းကြား တင်ပို့နေတယ်လို့ ပြောပါတယ်။

တံမြက်စည်းတစ်ချောင်းကိုတော့ အရည်အသွေးအလိုက် ကျပ်တစ်ထောင်ကနေ နှစ်ထောင့်ငါးရာကြား သတ်မှတ်ထားပါတယ်။

ဒီအလုပ်ရုံမှာ လူကြီး၊ လူငယ်၊ အမျိုးသမီး စုစုပေါင်း အယောက် ခြောက်ဆယ်ကျော် ရှိပါတယ်။ အလုပ်ချိန် ကန့်သတ်မထားတဲ့အတွက် တက္ကသိုလ်တက်ရင်း ပညာသင်စရိတ်ရှာတဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။ မြန်မာစာ ဒုတိယနှစ်ကျောင်းသား ကိုလင်းလင်းထွန်းက ဒီအလုပ်လုပ်နေတာ ငါးနှစ် ရှိနေပါပြီ။

"သူတို့လုပ်ပေးလို့လည်း ဒီထဲမှာ ဒီရပ်ရွာထဲမှာ အလုပ်မရှိတဲ့လူငယ်တွေ တော်တော်ရှားတယ်။ အလုပ်ရှိကြတယ်ပေါ့၊ အကုန်လုံးနီးပါးပါပဲ။ ကိုယ့်ကျောင်းစရိတ်လည်း ရှာလို့ရတယ်။ ကျောင်းတက်နေရင်းနဲ့ တစ်ဖက်တစ်လမ်းကပေါ့။ အမေကိုလည်း အထောက်အကူပြုတယ်"

"သူတို့လုပ်ပေးလို့လည်း ဒီထဲမှာ ဒီရပ်ရွာထဲမှာ အလုပ်မရှိတဲ့လူငယ်တွေ တော်တော်ရှားတယ်။ အလုပ်ရှိကြတယ်ပေါ့ အကုန်လုံးနီးပါးပါပဲ"

အသက် ၁၄ နှစ်အရွယ် မပိုးပုဝါ ဆိုတဲ့မိန်းကလေးကတော့ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ငါးတန်းနဲ့ ကျောင်းထွက်လိုက်ရပြီး ဒီမှာ အမြဲတမ်းအလုပ်ဝင်လုပ်နေတယ်လို့ ပြောပါတယ်။

"သမီးတို့ဆိုရင် အရင်တုန်းက နွေရာသီ အလုပ်လုပ်ပေးတယ်။ အခုက ၁၂ လရာသီလုပ်ပါတယ်။ သားအမိနှစ်ယောက်တည်းဆိုတော့ မိဘတစ်ယောက်တည်း အလုပ်လုပ်နေရတော့ အဆင်မပြေဘူးလေ"

အလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးထားတယ်လို့ အလုပ်ရုံပိုင်ရှင်ရဲ့ ဇနီး ဒေါ်နန်းနီက ပြောပါတယ်။

"မိသားစုလိုပဲ အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်လည်း မသတ်မှတ်ဘူး။ သူတို့ကို ကိုယ်သားလေးလို၊ ကိုယ့်သမီးလေးလို အကုန်လုံးလုပ်ပေးတယ်။ အစစအရာရာ ကူညီပေးတယ်။ နေမကောင်းတာမှ အစပေါ့နော်။ အကုန်စောင့်ရှောက်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ကလေး သားများမိခင်တွေ ရှိနေတဲ့အတွက် ထောက်ပံ့ပေးတယ်"

ကလေးတစ်ဖက်နဲ့ အပိုဝင်ငွေရအောင် အလုပ်လုပ်နေတဲ့ မိခင်တွေလည်း တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၃၄ နှစ်အရွယ် ဒေါ်ဝေမာဦးက ဒီအလုပ်ရုံမှာ လုပ်သက်ရှစ်နှစ်ကျော် ရှိနေပါပြီ။

"ကလေးနဲ့ဆိုတော့ ချက်ပြုတ်ပြီးတော့ လျှော်ဖွတ်ပြီးတော့ အိမ်မှာသန့်ရှင်းရေးလုပ်ပြီးတဲ့အခါကျတော့ ဒီမှာ အလုပ်ကို လာလုပ်ရတာပေါ့နော်။ တစ်နေ့ကို လေးထောင်လောက်ရတယ်။ တစ်ခါတလေကျရင် လည်း မမှန်ဘူးပေါ့။ လေး၊ ငါး၊ ရှစ်ထောင်လောက်ရတယ်"

မြက်တံမြက်စည်းတစ်ချောင်းဖြစ်ဖို့အတွက် ခုတ်လာတဲ့မြက်ရိုင်းတွေကို နေလှန်းချိန်ကစလို့ ပုံလောင်း၊ ပုံသွင်းကနေ ပါကင်ထုပ်ရတဲ့အထိ အဆင့်ခုနစ်ဆင့်ထက်မနည်း လုပ်ရပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ မြက်တံမြက်စည်းအလုပ်ရုံလုပ်ငန်းတစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ မြက်တံမြက်စည်းအလုပ်ရုံလုပ်ငန်းတစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြက်ရိုင်းဖူးတံတွေကလည်း တစ်နှစ်မှာ ဇန်နဝါရီကနေ မတ်လအထိ သုံးလပဲ ထွက်ပါတယ်။ ထွက်တဲ့အချိန်မှာ ခုတ်ထားတဲ့မြက်တွေကို အခြောက်လှမ်းပြီး ကုန်ကြမ်းအဖြစ် သိမ်းထားရပါတယ်။ ကျန်တဲ့ ကိုးလမှာကုန်ချော ထုတ်လုပ်ကြပါတယ်။ မြက်ကိုလည်း တောတောင်လျှိုမြောင်တွေ၊ ချောင်းဘေးတွေမှာ ခုတ်ရတာဖြစ်လို့ အန္တရာယ်များပြီး ထိခိုက်ဒဏ်ရာရတတ်ကြတယ်လို့ မြက်ခုတ်ရောင်းတဲ့ ဦးမောင်သန်းစိုးက ပြောပါတယ်။

"အဲတံမြက်စည်းအလက်က လက်ကိုရှရင် ဓားလိုပဲထက်တယ်။ အဲဒါ လက်အိတ်စွပ်တဲ့သူလည်း စွပ်တယ်။ တချို့ကျတော့လည်း လက်အိတ်မစွပ်ဘူး ဒီအတိုင်းချိုးတယ်။ လက်နဲ့လည်း ချိုးလို့ရတယ်။ ဓားနဲ့လည်း ခုတ်လို့ရတယ်။ ဓားနဲ့ခုတ်ပြီးတော့ ထွင်းရတယ်ပေါ့။ လက်နဲ့တော့ တစ်ခါတည်း ဆွဲနုတ်လို့ရတယ်။ တံမြက်စည်းတစ်ချောင်းရဖို့လည်း မလွယ်ဘူးလေ။ သူက အခုဟာမှ တကယ့် ချွေးနဲ့ သွေးနဲ့ လုပ်ရတဲ့အလုပ်"

လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ဝါးနက်ချောင်းစံပြရွာမှာ ဦးတင်ဦးတို့လို အလုပ်ရုံ ငါးရုံရှိပြီး၊ တစ်နိုင်တစ်ပိုင်လုပ်တဲ့သူလည်းများတာကြောင့် ဒီရွာကို “တံမြက်စည်းရွာ”လို့ ဒေသခံတွေက ခေါ်ကြပါတယ်။

ဦးတင်ဦးကတော့ သူ့အလုပ်ရုံမှာ အလုပ်လုပ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို အမြဲတံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

"ကျွန်တော့်တံမြက်စည်းကနေ အခြေခံပြီးတော့ ကလေးတွေရဲ့ဘဝ တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်နိုင်တယ်။ အခု သားများမိခင်တွေလည်း ပါတယ်။ ဒီလုပ်ငန်းဟာ အချိန်မရွေးသူတို့နဲ့ ပတ်သက်လာလို့ အလုပ်လာလုပ်မယ့်သူကို ကျွန်တော့်မှာ တံခါးအမြဲတမ်းဖွင့်ထားပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။