ဖယ်ခုံမှာ တရုတ်ကုမ္ပဏီ စက်ယန္တရားကြီးတွေနဲ့ သတ္တုတူးဖော်မှု ဒေသခံတွေကန့်ကွက်
2025.05.02

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအနီးမှာရှိတဲ့ မြင်းမထိတောင်မှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတစ်ခုက စက်ယန္တရားကြီးတွေနဲ့ ခဲသတ္တုတူးဖော်တာကို ဒေသခံတွေက ဆက်တိုက်ကန့်ကွက် နေကြပါတယ်။
တရုတ်ကုမ္ပဏီက စက်ယန္တရားအများအပြားနဲ့ တူးဖော်လုပ်ကိုင်ဖို့ ကြိုးစားနေတကိုရပ်ဆိုင်းဖို့ ဒေသခံတွေ အင်တိုက်အားတိုက်တောင်းဆိုနေကြတာလို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုးက RFA ကို ပြောပါတယ်။
“သူတို့ဝင်လာတာက ကျွန်တော်တို့ ဒေသခံပြည်သူလူထုရှိရက်သားနဲ့ ညှိနှိုင်းမှုမရှိတာက တစ်ချက်၊ နောက်တစ်ခုက ဒီဒေသမှာ ကုမ္ပဏီအကြီးစားတွေကို လက်မခံချင်ဘူး။ ပြည်သူတွေ တစ်နိုင်တစ်ပိုင်ပဲ ဆက်လုပ်နေစေချင်တယ်။ ကုမ္ပဏီအကြီးစားတွေဝင်လာပြီဆိုရင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ကျေးရွာနေ ပြည်သူတွေကိုထိခိုက်မှုတွေအများကြီးရှိမယ်၊ ချောင်းမြောင်းတွေ ပျက်စီးဆုံးရှုံးမှုရှိမယ်၊ ဒါတွေကြောင့်ပဲ ကျွန်တော်တို့ ကန့်ကွက်နေတာပါ”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ(KNLP) က ၁၉၉၄ ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ဒီဒေသမှာ လေးပွင့်ကြယ်ကုမ္ပဏီအမည်နဲ့ တစ်နိုင်တစ်ပိုင်သတ္တုတူးဖော်မှုတွေ လုပ်ကိုင်ခဲ့တာပါ။
လွန်ခဲ့တဲ့ သုံးလလောက်က တရုတ်လူမျိုးတွေပါဝင်တဲ့ မစ္စတာဝမ်ကုမ္ပဏီကို လေးပွင့်ကြယ်ကုမ္ပဏီက ငါးနှစ်စာချုပ်နဲ့ ငှားရမ်းပြီး စက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်ခွင့်ပြုထားတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီဒေသမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ပိုင်ဆိုင်လာခဲ့တဲ့ ပရာဒေါင်းဆွေမျိုးစုအကြီးအကဲတွေကို ဆွေးနွေးညှိနှိုင်းတာမရှိဘဲ အခုလို ငှားရမ်းလုပ်ကိုင်ခွင့်ပေးလိုက်တာကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုလိုက်တဲ့ သဘောတူညီချက်တွေကို ချပြပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ လေးပွင့်ကြယ်ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေရဲ့တောင်းဆိုချက်ကို နားမထောင်တဲ့အတွက် ကုမ္ပဏီကားတွေကို ဒေသခံတွေက တားဆီးထားတယ်လို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုးက ဆက်ပြောပါတယ်။
“ကျွန်တော်တို့တောင်းဆိုချက်တွေကို သူတို့ မလိုက်လျောတဲ့အတွက် ကျွန်တော်တို့က သိကျိတ်ကျေးရွာမှာ ဂိတ်တွေချတားပြီး ကုမ္ပဏီကားတွေကို ပြန်လှည့်ခိုင်းတာတွေရှိတယ်။ အခုထိလည်း ကျွန်တော်တို့ တားနေတုန်းပါ။ ဂိတ်တွေပြန်မရုတ်သေးဘူး။ တိုင်ပင်ညှိနှိုင်းမှုကလည်း ပြေလည်မှုမရှိသေးဘူး။ လက်ရှိ ကျွန်တော်တို့က သူတို့ကို နောက်ဆုတ်ပေးပါဆိုပြီး ပြတ်ပြတ်သားသားပဲပြောထားတယ်”
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တရုတ်လူမျိုးတစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ မောင်းနှင်လာတဲ့ ရိက္ခာတင်ကားကို ဒေသခံတွေကတားဆီးရာမှာ တရုတ်ကုမ္ပဏီက လက်နက်ကိုင်လုံခြုံရေးတွေရောက်လာပြီး အချင်းများခဲ့ကြပါ တယ်။ နောက်ပိုင်းမှာတော့ ကားအသွားအလာကိုထပ်မံခွင့်ပြုမှာမဟုတ်ကြောင်း သဘောတူညီချက်ယူပြီး အဲဒီကားကိုခွင့်ပြုလိုက်တယ်လို့ဆိုပါတယ်။

တရုတ်ကုမ္ပဏီကိုလုပ်ကိုင်ခွင့်ပြုခဲ့တဲ့ လေးပွင့်ကြယ်ကုမ္ပဏီအနေနဲ့ ပြဿနာကိုပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ရင် သတ္တုတူးဖော်တဲ့ တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေ၊ ပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ ဗဟိုကော်မတီအဖွဲ့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဆက်နွှယ်သော သတင်းများ
မြန်မာမှာ သတ္တုတူးဖော်ခွင့် လိုင်စင်ထုတ်ပေးရေး ဆွေးနွေး
သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားမှု ရုတ်သိမ်းဖို့ UWSA စီစဉ်
အာဏာသိမ်းကာလ စည်းကမ်းမဲ့သတ္တုတူးဖော်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွားထိခိုက်
အလားတူ တရုတ်လူမျိုးတွေပါဝင်တဲ့ မစ္စတာဝမ်ကုမ္ပဏီနဲ့ပတ်သက်လို့ သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အခုသတင်း ထုတ်လွှင့်ချိန် အထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာမရှိပါဘူး။
ဖယ်ခုံမြို့နယ်မှာနေထိုင်တဲ့ ပရာဒေါင်းဆွေမျိုးစု လူငယ်တစ်ဦးဖြစ်တဲ့ ခွန်းမင်းနိုင်ကတော့ ဒေသခံတွေအနေနဲ့ သတ္တုထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အထိ ဆက်လက်ကန့်ကွက်သွားမယ်လို့ RFA ကိုပြောပါတယ်။
“တကယ်လို့ ကုမ္ပဏီဖက်က ကျွန်တော်တို့ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို လက်မခံဘဲနဲ့ တစ်ဖက်သတ် ကိုယ်ကျိုးအတွက်၊ တစ်ဦးတစ်ယောက်ရဲ့အကျိုးအတွက်၊ တစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက်ပဲ ဆက်သွားမယ်ဆိုရင် သေချာတယ် ကျွန်တော်တို့လူထုဖက်ကလည်း ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ရပ်ဆိုင်းသွားတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်သူလူထုဖက်က ကျွန်တော်တို့ ဆုံးဖြတ်ချက် ချထားပါတယ်”
မြင်းမထိတောင်အနီးမှာ သိကျိတ်၊ စခန်းကြီးရွာသစ်၊ စခန်းကြီးရွာဟောင်း၊ ခေါင်တလိုနဲ့ ကုန်းဆုံ စတဲ့ ကျေးရွာတွေရှိပါတယ်။
ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ဒေသတစ်ခုဖြစ်ပြီး ဒေသခံတွေဟာလည်း တစ်ပိုင်တစ်နိုင်ရွှေ့ပြောင်းတောင်ယာလုပ်ငန်းနဲ့ လက်လုပ်ခဲသတ္တုတူးဖော်တဲ့အလုပ်နဲ့ ရပ်တည်ကြတာ လည်းဖြစ်ပါတယ်။