မြေလတ်အသံသတင်းထောက် ထောင်ချခံရမှုအပေါ် IMJA ကန့်ကွက်ရှုတ်ချ

RFA Burmese
2025.05.01
မြေလတ်အသံသတင်းထောက် ထောင်ချခံရမှုအပေါ်  IMJA ကန့်ကွက်ရှုတ်ချ မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကိုတွေ့ရစဉ်။
Myaelatt Athan

ပြည်တွင်းအခြေစိုက် မြေလတ်အသံသတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ငါးနှစ်ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးထောင်ချမှုတွေဟာ ပြည်သူတွေကို နစ်နာစေတယ်လို့ IMJA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမှူးအိမ်ဇော်က RFA ကိုပြောပါတယ်။

“စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးနေတာပါ။ သတင်းသမားတွေကို ဖမ်းဆီးတာဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာပါပဲ။ သတင်းလွတ်လပ်ခွင့်ချိုးဖောက်ခံရတဲ့အခါ နောက်ဆက်တွဲက ပြည်သူတွေ သတင်းသိပိုင်ခွင့်မရှိတော့ဘဲ ပြည်သူတွေကို ထိခိုက်စေပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးလိုကိစ္စတွေတင်မဟုတ်ပါဘူး။ သဘာ၀ဘေးဆိုင်ရာ ကိစ္စတွေမှာလည်း သတင်းတွေမရတာဟာ ပြည်သူတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။ နောက်ပြီး သတင်းသမားတွေဟာ သတင်းတွေကို အဖြစ်မှန်တင်ဆက်ရတာပါ။ စစ်ကောင်စီက သူတို့ကို သတင်းသမားတွေကို တိုက်ခိုက်နေတယ်လို့ ယူဆပြီး သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးတာပါ”

သတင်းထောက် ကိုသန်းထိုက်မြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

မြန်အောင်အခြေစိုက် ခလရ (၅၁) တပ် စစ်ကြောရေးမှာ တစ်ပတ်လောက် ရိုက်နှက်စစ်ဆေးပြီးနောက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီပုဒ်မနဲ့ပဲ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ထောင်ငါးနှစ်ချမှတ်ခံရပြီး ဟင်္သာတအကျဉ်းထောင်ကို ပို့ဆောင်ခံထားရတယ်လို့ IMJA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုသန်းထိုက်မြင့်ဟာ သူ့ရဲ့လက်ကိုင်ဖုန်းထဲက ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကြောင့် အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံရတာလို့ မြေလတ်အသံ အယ်ဒီတာချုပ် ဆလိုင်းကောင်းမြတ်မင်းက RFA ကိုပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီနေ့အချိန်အထိ သတင်းသမား ခုနစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး ၂၀၀ ကျော်အဖမ်းခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ သတင်းသမား ၄၇ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ခံထားရဆဲဖြစ်တယ်လို့လည်း IMJA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းသမားတွေကို သတ်ဖြတ်မှုတွေနဲ့ ပစ်မှတ်ထားဖမ်းဆီးမှုတွေကို ချက်ချင်းရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း IMJA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။