မဘိမ်းက တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းတွေအကြောင်း ဒေသခံတွေ ဘာပြောလဲ
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်အတွင်းမှာ လာရောက်စိုက်ပျိုးနေတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်ဆိုတာမျိုး အထောက်အထား အချက်အလက် အခိုင်အမာ မတွေ့ရသေးဘူးလို့ သိရပါတယ်။
- 2019-03-04
-
-
-
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်အတွင်းမှာ လာရောက်စိုက်ပျိုးနေတဲ့ တရုတ်တစ်သျူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်ဆိုတာမျိုး အထောက်အထား အချက်အလက် အခိုင်အမာ မတွေ့ရသေးဘူးလို့ သိရပါတယ်။
RFA သတင်းထောက် မခေမဏီဝင်း က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မဘိမ်းက တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းတွေအကြောင်း ဒေသခံတွေ ဘာပြောလဲ
(ခေမဏီဝင်း)
ရှမ်းပြည်နယ် လွှတ်တော်မှာ တရုတ်တစ်သျူးငှက်ပျော စိုက်ပျိုးမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မေးခွန်းမေးမြန်းထားပေမယ့် အခုအချိန်အထိ ဖြေကြားပေးတာမရှိသေးဘူးလို့ သိရပါတယ်။
မဘိမ်းမြို့နယ်အတွင်းမှာ တစ်သျူးငှက်ပျောစိုက်ပျိုးရေးလုပ်တဲ့ ကုမ္ပဏီ သုံးခုရှိပေမယ့် ပြည်နယ်အစိုးရက ခွင့်ပြုထားတယ်ဆိုပြီး တရားဝင်စာရွက်စာတမ်း လာပြတဲ့ကုမ္ပဏီ မရှိသေးဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက ပြောပါတယ်။
"တစ်သျူးငှက်ပျောစိုက်တဲ့အခါမှာ ပြည်နယ်အတွက်၊ ပြည်ထောင်စုအတွက် အခွန်အခတွေ ဘယ်လိုစီမံခန့်ခွဲမလဲ မေးထားတယ်။ဒေသခံတွေ အခုလို မလိုလာအပ်တဲ့ ပြသနာတွေဖြစ်မှာစိုးလို့ အစိုးရအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်မလဲ မေးတယ်။ ငါးအိုးဒေသမှာ ဧကပေါင်း ဘယ်လောက် ခွင့်ပြုထားတယ်ဆိုတာ မရသေးဘူး၊ ဒါကြောင့် ရှမ်းပြည်နယ်အစိုးရကို မေးခြင်းဖြစ်တယ်"
လက်ရှိ မဘိမ်းမြို့နယ်၊ ငါးအိုးဒေသမှာ ကုမ္ပဏီသုံးခုကနေ ဧကပေါင်း ထောင်ချီ ငှားရမ်းလုပ်ကိုင်နေကြပြီး ကုမ္ပဏီတချို့နဲ့ ဒေသခံတောင်သူတွေ မြေယာဌားရမ်းမှုမှာ ငွေးကြေးပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။
မြေယာငှားရမ်းမှုကို တစ်ဧကို တစ်နှစ်အတွက် ကျပ် တစ်သိန်းခုနှစ်သောင်းကျပ်နဲ့ ငှားရမ်းထားကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက စရံအနေနဲ့ ငွေအနည်းငယ် ပေးချေထားပြီး နေက်ပိုင်းမှာ ဆက်သွယ်ဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တောင်သူတွေအနေနဲ့ကတော့ ငွေကြေးအမြန်ဆုံးရချင်တယ်လို့ သီးစိန် တရုတ်တစ်သျူးငှက်ပျော စိုက်ကုမ္ပဏီကို မြေဧက ၅၀ ဌားရမ်းထားတဲ့ ပြချောင်းကျေးရွာက တောင်သူ ဦးမြင့်သိန်းဝင်းက ပြောပါတယ်။
"တောင်သူတွေက စီးပွားရေး အဆင်မပြေတော့ ငှားကြတာပေါ့။ အကျိုးတူဆိုပေမယ့် မြေငှားတဲ့သဘောပါပဲ။ စရံပေးတယ်။ တစ်လပိုင်းကုန်ပေးမယ်ပြောပြီး အခုထိမပေးလာဘူး။ ကုမဏီက ငှားချင်ငှားမယ်၊ မငှားချင်မငှားဘူး ပြောလာတယ်။ တောင်သူတွေက အခက်ခဲဖြစ်လာတယ်"
တောင်သူတွေဘက်ကလဲ စိုက်ပျိုးသမျှ ရှုံးနေတော့ ငွေလုံးကနဲ့ ရမယ်ဆိုပြီး အခုလိုငှားကြတာဖြစ်တယ်လို့ ဦးမြင့်သိန်းဝင်းက ပြောပါတယ်။
အခုငှားရမ်းထားတဲ့မြေယာတွေက ပဲ၊ ပြောင်း လိုရာသီပေါ် သီးနှံတွေကို စိုက်ပျိုးကြတဲ့မြေတွေဖြစ်ပြီး ပုံစံ (၇) ရှိတဲ့ မြေပါသလို မရှိတဲ့ မြေလည်းပါတယ်လို့ သိရပါတယ်။
ကုမ္ပဏီနဲ့ ဒေသခံတောင်သူတွေ ငှားရမ်းချုပ်ဆိုမယ့် စာချုပ်ထဲမှာ ငှားရမ်းသက်တမ်းပြည့်တဲ့အခါ တောင်သူတွေက အဲဒီအပင်တွေကို ခုတ်လဲှစေချင်တယ်ဆိုရင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆေးဖြန်းချိန်မှာ တိရစ္ဆာန်တွေ သောက်သုံးမိရင် အန္တရာယ်ဖြစ်စေနိုင်လို့ တောင်သူတွေ ဂရုစိုက်ဖို့လိုကြောင်း၊ သက်တမ်းပြည့်ချိန်မှာ ဆက်လက်လုပ်ကိုင်ချင်တယ်ဆိုရင် လက်ရှိ ငှားရမ်းထားတဲ့သူကို ကာလပေါက်ဈေးနဲ့ ဦးစားပေး ငှားရမ်းပေးဖို့ လိုအပ်ကြောင်း စတဲ့ အချက်တချို့ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
ငါးအိုးဒေသမှာ ငှက်ပျော လာရောက်စိုက်ပျိုးနေတဲ့ သီးစိန်ကုမ္ပဏီ တာဝန်ခံ ကိုကြည်ထွန်းက အသီးတင်ပို့တဲ့ ကားထဲမှာ သစ်တွေ ခိုးသယ်တာမျိုးတွေရှိလို့ ကုမ္ပဏီအနေနဲ့ ဖြေရှင်းပေးရတာမျိုးလို အခက်အခဲတွေ အမျိုးမျိုးရှိတယ်လို့ ပြောပါတယ်။
"ငှက်ပျောသာစိုက်တာ ပြည်ပကိုတင်ပို့တဲ့အခါမှာ အခက်အခဲရှိတယ်။ တစ်ဆိုဒ်ကို ၁၀ စီး၊ အစီး ၂၀ ထွက်တယ်။ ကားလမ်း အဆင်မပြေဘူး။ နယ်စပ်ဒေသဆိုတော့ မှောင်ခိုလုပ်နေကြတာရှိတယ်။ သစ်လုပ်ကြတာရှိတယ်။ ကားတွေခေါ် လိုက်တယ်။ ငှက်ပျော တင်တယ်။ ငှက်ပျောတွေအောက်မှာ သစ်တွေဖွက်ထားတယ်။ ဖမ်းမိတယ်။ ကုမ္ပဏီက ဖြေရှင်းပေးရတယ်။ ကျနော်တို့ပစ္စည်း မဟုတ်ဘူး။ နောက်သဘာ၀ ဘေးအန္တရာယ်တွေလည်းရှိတယ်"
အဲဒီမှာ မြေငှားရမ်းတဲ့ပုံစံကတော့ နှစ်နှစ် တစ်ကြိမ်ကို ငွေကျပ်တစ်သောင်းတိုး ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စိုက်ခင်းကုမ္ပဏီတွေက ဒေသဖွံဖြိုးရေးလုပ်ပေးမယ်ဆိုတာကလည်း ဒေသခံတွေကို ငှားရမ်းထားတဲ့ ဈေးနှုန်းထဲကနေ ဖြတ်ယူပြီး လုပ်ပေးမှာဖြစ်တယ်လို့ ငါးအိုးဒေသခံတွေကတော့ ပြောပါတယ်။
တရုတ် တစ်သျူးငှက်ပျော စိုက်ပျိုးတဲ့လုပ်ငန်းဟာ ငါးအိုးဒေသမှာ အခုနှစ်ထဲရောက်မှသာ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။
ငှက်ပျောစိုက်ပျိုးဖို့အတွက် ဝါးရုံတွေ၊ သစ်ပင်တွေကို ခုတ်လှဲလိုက်တာမျိုးတွေရှိတာကြောင့် တောတောင်ဆုံးရှုံးတာတွေ မြင်တွေ့နေရတယ်လို့ ငါးအိုးဒေသခံ ဦးကိုကိုမင်းက ပြောပါတယ်။
"ဒေသမှာ တစ်သျူးငှက်ပျော မဝင်ခဲ့ရင် သစ်တောပါတဲ့မြေက ပျက်စီးစရာမရှိဘူး။ အခင်းဘေးမှာ သစ်တောရှိတယ်။ အပတောလည်းဖြစ်တယ်။ ပုံစံ ၇ လျှောက်လို့ရတယ်ဆိုပြီး ငှားကြတယ်။ ဘေးက သစ်တောရှိတဲ့ ဝါးတွေအကုန်လုံးက စက်ကြီးတွေနဲ့ထိုးချလိုက်တော့ သစ်တောဆိုတာ နှစ်ရှည်လေ။ အချိန်ယူခဲ့ရတာ။ အချိန်ပိုင်းအတွင်း ဘတ်ဖိုးနဲ့ထိုးလိုက်ရင် ဧက ၄၀၀၊ ၅၀၀ ခဏနဲ့ကုန်သွားတယ်"
အသိပညာ ဗဟုသုတနည်းသေးတဲ့ ဒေသတွေမှာ အခုလိုဖြစ်နေတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပညာပေးတာတွေ၊ ဆွေးနွေးတာတွေ များများလုပ်ပေးစေချင်တယ်လို့လည်း ဦးကိုကိုမင်းက ပြောပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာ တောင်သူအကျိုးဆောင်သမဂ္ဂ ဖွဲ့စည်းနေတယ်လို့ သိရပါတယ်။
တရုတ်တစ်သျူးငှက်ပျော စိုက်ပျိုးတာတွေဟာ ကချင်ပြည်နယ်ဘက်မှာ အများဆုံး စိုက်ပျိုးကြပြီး ရှမ်းပြည်နယ် ငါးအိုးဒေသကိုတော့ အခုနှစ်မှာမှာ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။
တစ်သျူးငှက်ပျော စိုက်ပျိုးမှုကရလာတဲ့ သီးနှံတွေကိုတော့ တရုတ်ပြည်ကို တင်ပို့တာဖြစ်တယ်လို့ သိရပါတယ်ရှင်။