ကျောက်ဖြူက တရုတ်ဆိပ်ကမ်းစီမံကိန်းကြောင့် ဒေသခံတွေစိုးရိမ်မှုတိုး

2023.02.06
ကျောက်ဖြူက တရုတ်ဆိပ်ကမ်းစီမံကိန်းကြောင့် ဒေသခံတွေစိုးရိမ်မှုတိုး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းဒေသမှာ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကွင်းဆင်း ဆောင်ရွက်လာတဲ့အတွက် ဒေသခံ ရေလုပ်သားတွေအကြား စိုးရိမ်မှုတွေဖြစ်လာပါတယ်။

မဒေးကျွန်းမှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ကိုထွန်းမြင့်နိုင်က ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သူတို့ရဲ့ လုပ်ငန်းတွေအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေပါတယ်။

“ပြောရမယ် ဆိုလို့ရှိရင် ကျနော်တို့ ဘဝနဲ့ရင်းပြီးတော့ အရေးပါတာ။ အဲဒီလောက်အထဲ ဒီမြစ်ကြောင်းက အရေးပါတယ်။ အမေနဲ့ အဖေက မွေးထားတာပဲ ရှိတာ။ ဒီမြစ်က ကျွေးအမေနဲ့ ကျွေးအဖေပါပဲ။ ကျနော်တို့ ပညာမတတ်ခဲ့ပေမယ့် သားသမီးပညာရေးကို ဒီကရှာပြီး သင်ပေးနိုင်တယ်။ ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ လုပ်ငန်းတွေ ကျနော်တို့ ပဒေးကျွန်းက ဒေသခံတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ မြစ်ကြောင်းလေ”

တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၃၇၀ ဧကနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရမ်းဗြဲကျွန်းပေါ်က ၂၃၇ ဧက၊ စုစုပေါင်း မြေဧရိယာ ၆၀၇ ဧကမှာ တည်ဆောက်ဖို့ စီစဉ်ထားတာပါ။

ဒီရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း ၁၀ ခုပါဝင်ပါတယ်။ အဲဒီအထဲက မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းကို ဆက်သွယ်မယ့် တံတား တစ်ခုကို ပထမဆုံး အကောင်အထည်ဖော်ဖို့ စီစဉ်နေတာပါ။

ဒေသခံတွေအတွက်ကတော့ လက်ရှိမှာလည်း ရေနံတင်သင်္ဘောကြီးတွေသွားလာတဲ့ လမ်းကြောင်းဧရိယာထဲမှာ ငါးဖမ်းခွင့်ကန့်သတ်ခံထားရပါတယ်။ ဒါကြောင့် အခု ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်လာတဲ့အခါ ဒေသခံ ရေလုပ်သားတွေ ကြုံတွေ့ လာရမယ့် အခက်အခဲတွေကိုလည်း ကိုထွန်းမြင့်နိုင် တွေးပူနေပါတယ်။

“စီမံကိန်းတွေဟာ ကျနော်တို့ ဒေသခံတွေအတွက်တော့ ဆိုးကျိုးပဲရှိတယ်။ ကောင်းကျိုးဆိုတာ မရှိဘူး။ ပထမ စီမံကိန်းတုန်းကလည်း သူတို့ပြောတာပေါ့။ အလုပ်အကိုင်တွေပေးမယ်။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းဆိုလို့ ဘာမှကို မရတာ။ ကျနော်တို့ကတော့ တွေးပူနေတာပဲ။ သူတို့လာလို့ရှိရင် အခုကျနော်တို့ လုပ်စားနေတဲ့ ရေလုပ်ငန်းပျက်စီးသွားမယ် ကျနော်တို့ လုပ်စားလို့ မရတော့ဘူး။ အဲဒါကို တွေးပူတာပါပဲ။ သူတို့ အပေါ်မှာ မျှော်လင့်ချက် ခံစားချက်တော့ မရှိဘူး”

တရုတ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတုန်းကလည်း စီမံကိန်းတည်ဆောက်ရင် ဒေသဖွံ့ဖြိုးတိုးတက်မယ်၊ အလုပ် အကိုင်အခွင့်အလမ်းတွေပေါများမယ်၊ ဒေသခံတွေ တိုက်နဲ့ကားနဲ့ နေနိုင်မယ်ဆိုပြီး အာဏာပိုင်တွေ ဘက်က မက်လုံးပေး ပြောဆိုခဲ့ကြပေမယ့် လက်ရှိမှာတော့ ဒေသခံတွေဟာ တစ်ရက်ထက်တစ်ရက် စားဝတ်နေရေး ပိုကျပ်တည်းလာ တယ်လို့လည်း ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက အကောင်အထည်ဖော်ခွင့် ရထားတာပါ။ လက်ရှိမှာ စီမံကိန်း အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ဒီနေ့အထိ တိတိကျကျ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းမှာပါဝင်တဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ရေးနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ကွင်းဆင်းလေ့လာနေတာ တွေ့ရတယ်လို့ ကျောက်ဖြူမြို့မှာ နေထိုင်တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက RFA ကိုပြောပါတယ်။

“အဓိကတော့ ဆိပ်ကမ်းတည်ဆောက်မယ့် ရွာ ၁၅ ရွာကို ဦးစားပေးပြီးတော့ ဆောင်ရွက်တယ်။ အဲဒီမှာ လူထုနဲ့တွေ့ဆုံတယ်လို့ ပြောတယ်။ ကျနော်တို့နဲ့ ကျောက်ဖြူ ဟိုတယ်မှာလည်း အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ နောက်ပြီး လူထုနဲ့တွေ့ဆုံပွဲတွေလည်း လုပ်တယ်။ ကျနော်ကတော့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ မတက်လိုက်ဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးပွဲမှာတော့ ပြောသင့် ပြောထိုက်တဲ့ အကြောင်းအရာတွေ ဒေသအနေအထားနဲ့ ပတ်သက်လို့ ပြောခဲ့တာတွေရှိတယ်”

kyauk phyu project
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းရှိ ရေလုပ်သားများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

ဒီစီမံကိန်းဟာ တရုတ်အကျိုးစီးပွားအတွက် သက်သက်ဆိုရင် ဒေသခံတွေအတွက် ထိခိုက်နစ်နာရမယ့် အခြေအနေ ရှိနေတယ်လို့လည်း ဦးဖိုးစံက ပြောပါတယ်။

မဒေးကျွန်းမှာ မိရိုးဖလာငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဦးမောင်ဝိုင်းဖြူကတော့ ဒီရေနက် ဆိပ်ကမ်းစီမံကိန်း စတင်အကောင်အထည် ဖော်တာနဲ့ ရေလုပ်သားတွေရဲ့ ဘဝတွေထိခိုက်မှာကိုပဲ မြင်နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့အတွက် မျှော်လင့်စရာမရှိဘူး။ မျှော်လည်း မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ လုပ်ကိုင် စားသောက်တဲ့ အလုပ်က ပျက်စီးသွားမှာ ဆိုတော့ မျှော်လင့်စရာလည်း မရှိတော့ဘူးလေ။ စိုးရိမ်တာတွေရှိတာပေါ့။ အဲဒီလို လုပ်စားလို့ မရတော့ဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ ရေလုပ်သားတွေ အကျပ်အတည်း ခံရမယ်။ ကျနော်တို့မှာ မွေးထားတဲ့ သားတွေသမီးတွေရဲ့ ပညာရေးတွေ၊ စီးပွားရေးတွေ ထိခိုက်မယ်။ ကျန်းမာရေးတွေရောပဲ။ ပိုက်ဆံ မရှိဘူးဆိုရင် ပိုက်ဆံနဲ့ ပတ်သက်တဲ့ အရာတွေ အကုန်လုံး ဆုံးရှုံးနစ်နာမယ်ပေါ့”

ဒေသခံတွေဟာ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းတွေနဲ့ပဲ အဓိက ရပ်တည်ကြတာဖြစ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်လို့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တိကျတဲ့မူဝါဒတွေကို အာဏာပိုင်တွေဘက်က ချပြတာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ကွင်းဆင်း လေ့လာမှုတွေ တွေ့ရပေမယ့် ဒေသခံတွေရဲ့ မျှော်လင့်ချက်ကတော့ ဒီနေ့အထိ မရေရာသေးဘူးလို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကြောင်း လေ့လာစောင့်ကြည့်နေတဲ့ ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်ကပြောပါတယ်။

“ကျနော်တို့က SEZ ဖြစ်လာမယ် ဆိုတဲ့အခါမှာ ကျနော်တို့ အလွှာအသီးသီးက လူတွေက မျှော်လင့်ကြတယ်။ ဆိပ်ကမ်းရှိလာပြီဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရှိလာမယ်လို့ မျှော်လင့်တုန်းပါပဲ။ အခုအချိန်ထိ မျှော်လင့် နေကြဆဲဖြစ်တယ်။ သို့သော် ကျနော်တို့ အလုပ်အကိုင်ရရှိဖို့ ကြိုတင်ပြင်ဆင်မှု ဘယ်လောက် ရှိလဲဆိုတာကို ကြည့်ရင်တော့ အခုချိန်ထိ မရှိသေးဘူး။ ကျနော်တို့ မြေတွေပေးရမယ်။ မြစ်တွေပေးရမယ်။ ချောင်းတွေပေး ရမယ်။ သို့သော်လည်းပဲ ဒီစီမံကိန်းကြီး စလာရင် ကျနော်တို့ ပါဝင်လို့ရမယ့် အခင်းအကျင်းမျိုး အခုအချိန်ထိ မတွေ့ရသေးဘူး”

ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက တင်ဒါအောင်မြင်ထားပြီး တရုတ်ဘက်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံခွင့်ရထားတာပါ။

"ဒီမြစ်က ကျွေးအမေနဲ့ ကျွေးအဖေပါပဲ။ "

စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းနေမှုတွေအပြင် ဒေသခံတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက မေးမြန်း ထားပေမယ့် ဒီနေ့အထိ အကြောင်းမပြန်ပါဘူး။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်စပ်ဒေသနဲ့ ပင်လယ် သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်းလျန်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက် နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ တွေ့ဆုံစဉ်မှာတော့ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အရေးကြီးတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မဒေးကျွန်း ဒေသခံတွေကတော့ သူတို့ဒေသမှာ တရုတ်စီမံကိန်းတွေ အကောင်အထည် ဖော်လာတဲ့အမျှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအပေါ် ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။