၁၀ တန်းစာမေးပွဲ ဖြေဆိုသူ ၈၀ ရာနှုန်းကျော် လျော့ကျသွား
တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-06-09 -
-
-
တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို စစ်ကောင်စီ ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၉ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပြီး ပျမ်းမျှအောင်ချက် ၆၈ ရာခိုင်နှုန်း နီးပါးရှိပေမယ့် ဝင်ရောက်ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ - ၂၀၂၃ စာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ၁၀ တန်းစာမေးပွဲဖြေဆိုသူ ၁၆၁,၈၅၀ ဦးရှိခဲ့ပြီး အဲဒီအထဲက ၁၀၉,၈၅၁ ဦး အောင်မြင်တာမို့ အောင်ချက် ၆၇.၈၇ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ပညာရေးဝန်ကြီးရဌာရဲ့ စာရင်းတွေအရ အောင်ချက်ရာခိုင်နှုန်း များပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း ၁၀ တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် သိန်းနဲ့ချီပြီး လျော့နည်းလာပါတယ်။
အာဏာမသိမ်းခင် ၂၀၁၉ -၂၀၂၀ စာသင်နှစ်မှာ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၉၇၁,၄၀၇ ဦး ရှိခဲ့ရာကနေ ၂၀၂၂- ၂၀၂၃ စာသင်နှစ်မှာ ၁၆၁,၈၅၀ ဦးသာရှိတော့တာ ကြောင့် ဝင်ရောက်ဖြေဆိုသူ ၈၂ ဒသမ ၇၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရပါတယ်။
ဒီနှစ် ပြည်တွင်းက ဖြေဆိုသူတွေထဲမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတော်လှန် နေတဲ့ ကယားပြည်နယ်က ၉၁၂ ဦးနဲ့ ဖြေဆိုသူ အနည်းဆုံးဒေသ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းက ဖြေဆိုသူ ၂၃,၈၀၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဖြေဆိုသူ ၂၂၀,၆၉ ဦးနဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကို စာနာတာကြောင့် ကျောင်းသားအများစုက စာမေးပွဲ ဝင်မဖြေကြတော့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
"တော်လှန်ရေးမှာ အပင်ပန်းခံပြီး ကြိုးစားနေရတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကို စာနာထောက်ထားတာကြောင့်ပါ။ ဒါကြီး မတက်လို့လည်း ကျွန်တော့်ဘဝက ဘာမှဖြစ်မသွားဘူးလေ။ သေချာတာကတော့ ဒီပညာရေးက ဘာမှအသုံးမကျတဲ့ ပညာရေးပါပဲ"
စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ပါဝင်ပူးပေါင်းတာမျိုး မလုပ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကလည်း အဆက်မပြတ် လှုံ့ဆော်တိုက်တွန်းနေပါတယ်။
စစ်ကောင်စီရဲ့ ပညာရေးကို ဆန့်ကျင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှုတွေကို အွန်လိုင်းနဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့တွေကတစ်ဆင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပြုလုပ်ပေးနေကြောင်း NUG ပညာရေးဝန်ကြီးဌာနက မေလ ၃၁ ရက်နေ့က ကြေညာထားပါတယ်။