အောင်ချက် ကျဆင်းရတဲ့အကြောင်း စိစစ်တင်ပြဖို့ သမ္မတရုံး ညွှန်ကြား
2018.06.12
ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ ပြီးခဲ့တဲ့ နှစ်ထက် အောင်မြင်မှုရာခိုင်နှုန်းကျဆင်းသွားခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အောင်ချက်နည်းရတဲ့ အကြောင်းအရင်းကို စိစစ်ပြီးတင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ညွှန်ကြားစာရောက်ရှိလာပြီး စိစစ်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် က ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်လောက်ထဲမှာပဲ အောင်ချက်နည်းတဲ့ကိစ္စနဲ့ သမ္မတရုံးက စာထွက်ထားတာရှိတယ်။ ဘာကြောင့် အောင်ချက်နည်းတယ်ဆိုတာကို အခြေအနေပြန်ကြားဖို့ တောင်းဆိုထားတယ်။ ကျနော်တို့ကတော့ ကျတဲ့အမှတ်တွေကြည့်ပြီး result ပြန်လုပ်ဖို့ပေါ့။ ဘာကြောင့်ကျသလဲ။ ဘယ်လိုကျသလဲ။”
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နဲ့ ပြည်ပစာစစ်ဌာနတွေကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ ၂၀၁၇ ခုနှစ်ထက် အောင်ချက် ကျဆင်းခဲ့ပါတယ်။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မန္တလေးတိုင်း က အောင်မြင်တဲ့ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ချင်းပြည်နယ်က အနည်းဆုံးဖြစ်ခဲ့ပါတယ်။
ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်နည်းရတဲ့ အကြောင်းအရင်းတွေထဲမှာ ဘာသာ ရပ်အလိုက် သင်ကြားပြသနိုင်မယ့် ဆရာ၊ ဆရာမ လိုအပ်မှု၊ စာသင်ဆောင် လိုအပ်မှုတွေရှိသလို ပလက်ဝ မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အဲဒီမြို့နယ်အတွင်း အောင်မြင်မှု ၄ ရာခိုင်နှုန်းသာ ရှိတဲ့ အခြေအနေတွေ ပါဝင်ခဲ့တယ်လို့ ဝန်ကြီး ဦးပေါင်လွန်းမင်ထန် ကပြောပါတယ်။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ၃၂.၈၂ ရာခိုင်နှုန်းရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် အောင်ချက် တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။