အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို အပစ်ရပ် ၁၀ ဖွဲ့ ဖွဲ့စည်း

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဖွဲ့စည်းလိုက်ပါတယ်။

NCA-S EAO (10)ဖွဲ့က PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ် Photo: Myo Win - facebook

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဖွဲ့စည်းလိုက်ပါတယ်။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးအတွက် ရှေ့ဆက်ဖို့ မပြေလည်တဲ့အချက်တွေကို အစိုးရနဲ့ အလွတ် သဘော တွေ့ဆုံမှာဖြစ်တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

"မပြေလည်တာတွေကို ခေါ်မယ်ဆိုလို့ရှိရင် ဆွေးနွေးရတာခက်တယ်။ အဲဒါကြောင့် အလွတ်သဘော ဆွေးနွေးပွဲ ကနေပြီး အဖြေထုတ်မယ်။ အဲဒီအလွတ်သဘော ဆွေးနွေးပွဲကိုလည်း အစိုးရအဖွဲ့က လက်ခံတယ်။ အချက်တွေ က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်တွေပါတယ်။ လုံခြုံရေးနဲ့ပတ်သက်တဲ့ အချက်တွေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ကျင်းပမယ့် အချိန်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြတယ်။ အကြမ်း အားဖြင့်တော့ အလွတ်သဘော ဆွေးနွေးပွဲက အဖြေရလာတဲ့ အပေါ်မှာ တတိယအကြိမ် ညီလာခံကိုကျင်းပမယ်။ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက အဲလိုသဘောထားတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့က NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပြီး အလွတ်သဘောတွေ့ဆုံဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အလွတ်သဘော တွေဆုံဖို့ အတွက် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ခေါင်းဆောင်တဲ့ ၇ ဦးပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အစိုးရကလည်း တွေ့ဆုံဖို့ သဘောတူတယ်လို့ ပြောပါတယ်။ အစိုးရနဲ့ နိုင်ငံရေးကဏ္ဍအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို တပ်မတော်နဲ့လည်း လုံခြုံရေးကဏ္ဍအတွက် အလွတ်သဘော ဆွေနွေးမှာဖြစ်ပြီး သြင်္ကန်အပြီးမှာ တွေ့ဆုံဖို့ ခန့်မှန်းထားပါတယ်။

အလွတ်သဘော တွေ့ဆုံပွဲမှာ တစ်ဆို့နေတဲ့ အချက်တွေကို ဖြေရှင်းနိုင်ခဲ့ရင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို  လာမယ့် မေလကုန်ပိုင်းလောက်မှာ ကျင်းပဖို့ အစိုးရကို တင်ပြဖို့ရှိတယ်လို့ ခိုင်စိုးနိုင်အောင် ကပြောပါတယ်။

နိုင်ငံရေးကဏ္ဍမှာ မပြေလည်တဲ့ အချက်တစ်ခုကတော့ ပြည်ထောင်စုက ဘယ်တော့အခါမှ ခွဲမထွက်ပါဆိုတဲ့ အချက်ကို တိုင်းရင်းသားအဖွဲ့တွေက သဘောတူမှသာ ပြည်နယ်ဖွဲ့စည်းပုံတွေနဲ့ ပတ်သက်လို့ အစိုးရက ဆက်လက်ဆွေးနွေးမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ဒီအပေါ်မှာ ပြေလည်မှုရဖို့ အကောင်းဆုံးဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

အလားတူ ရပ်ဆိုင်းနေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက်ပါ အလွတ်သဘော ညှိနှိုင်းကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တပ်မတော်က လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေး တို့ကို လာမယ့် ၂၁ ရာစု ပင်လုံမှာ ထည့်သွင်းဆွေးနွေးလိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ နိုင်ငံရေး သဘောတူညီချက်တွေရမှသာ DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးလိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org