နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာရေး ဆွေးနွေးခဲ့ကြောင်း အပစ်ရပ် ခုနစ်ဖွဲ့ ထုတ်ပြန်
2025.01.14

သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ပေါ်လာရေးနဲ့ ပြည်တွင်း နိုင်ငံရေးဘောင်ချဲ့ထွင်ရေးကိစ္စတွေကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ (7 EAO Alliance) က ဆွေးနွေးခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုဒုက္ခတွေကို သုံးသပ်ပြီး နိုင်ငံရေးအကျပ်အတည်းကနေ လွန်မြောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
7 EAO Alliance အဖွဲ့ဝင်တွေ ဇန်နဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးကို သဘာပတိအဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်ခဲ့ပြီး ၂၂ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတချို့ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အပါအဝင် အချက် ခုနစ်ချက်ကို ချမှတ်ခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့လိုကြောင်း ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေမှာ ဦးဆောင်ပါဝင်နေသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ အပြီးတိုင်ထွက်သွားဖို့လိုကြောင်း ပြောဆိုထားကြပါတယ်။
7 EAOs Alliance အစည်းအဝေးမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့အညီ ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိရေး ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၄ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
ဒီအဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့ ပါဝင်ပါတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။