NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ မဟာမိတ် ဖွဲ့စည်း
2024.03.18

လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က မဟာမိတ်အဖွဲ့ (7 EAO Alliance)ကို ဖွဲ့စည်းလိုက်တယ်လို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်နဲ့ ၁၈ နေ့က ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့ ခုနစ်ဖွဲ့ရဲ့မျက်နှာစုံညီ အစည်းအဝေးအပြီး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။
မဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ဒုတိယခေါင်းဆောင်ကို မွန်ပြည်သစ်ပါတီ(NMSP)က နိုင်အောင်မင်းတို့ကို တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရဲ့ နိုင်ငံရေးသဘောထားအနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်သွားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
ဒါ့အပြင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အပစ်ရပ်အဖွဲ့တွေရဲ့မျက်နှာစုံညီအစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့ တက်ရောက်ပြီး 7 EAO Alliance ကို ဖွဲ့စည်းခဲ့ကြတာပါ။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။