ရှမ်းပြည်နယ်မှာ နှစ်လကျော်အတွင်း သေဆုံးသူ ၁၂ ဦးရှိ

ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပေါက်ကွဲမှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ ကနေ မတ် ၄ ရက် ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၁၂ ဦးထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ၂၂ ခုအတွင်း သေဆုံးသူ ရှစ်ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့ပြီး ကျန်လေးဦးကတော့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြရတာလို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြေမြှုပ်မိုင်း အန္တရာယ် လျှော့ချရေးနဲ့ မိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက လုံခြုံရေးအရ အမည်မဖော်လိုသူ တာဝန်ခံတစ်ဦးက ပြောပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ရပ်စောက်၊ မိုင်းကိုင်နဲ့ မြောက်ပိုင်းမှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ ကွတ်ခိုင် စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွား ခဲ့တာလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က နမ့်ခမ်းမြို့ အမှတ်(၂) ရပ်ကွက်မှာရှိတဲ့ နောင်စန့်ကုန်းက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် အသက်တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားခြောက်ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း လားရှိုးမြို့နယ် လုံတကျေးရွာအနီးမှာ နေရပ်ပြန်နေတဲ့ ပန်နန်းရွာက စစ်ဘေးဒုက္ခသည်တွေအနီးကို လက်နက်ကြီး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လေးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
အဲဒီဒေသတွေမှာ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။