၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသုံးဦး အဖမ်းခံရ
ကျောင်းသားများသမဂ္ဂရဲ့ ကော်မတီတာဝန်ခံ စတုတ္ထနှစ်ကျောင်းသား ကိုကောင်းခန့်နိုင်၊ ဒုတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်၊ ကိုသီဟအောင် တို့နဲ့အတူ အသက် ၁၂ နှစ်အရွယ် မောင်သက်ပိုင်စိုး တို့ လေးဦး ဖမ်းဆီးခံလိုက်ရတာပါ။
- 2022-04-29
-
-
-
အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ဦးကို ဧပြီ ၂၈ ရက် ညနေက ရန်ကုန်မြို့ ဒေါပုံဘောလုံးကွင်းအနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
မိသားစုဝင်တွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ အကြောင်းကြားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပါသွားတဲ့ ကလေးက ဘောလုံးကွင်းနားမှာရှိနေတဲ့ ကလေးပါ၊ ကလေးနဲ့ အဆက်အစပ် မရှိပါဘူး။ ကလေးမိသားစုကတော့ ရှေ့နေငှားပြီး လုပ်နေပါတယ်။ သူတို့ကို ထိန်းသိမ်းထားတဲ့နေရာတော့ ကျွန်တော်တို့ မသိသေးဘူး။ မိသားစုဝင်တွေကိုတော့ သူတို့ကို ထိန်းသိမ်းထားတယ်ဆိုတာ အကြောင်းကြားပါတယ်။ ကျွန်တော်တို့တော့ စုံစမ်းတာ သေချာမသိရသေးပါဘူး။”
ကျောင်းသားများသမဂ္ဂရဲ့ ကော်မတီတာဝန်ခံ စတုတ္ထနှစ်ကျောင်းသား ကိုကောင်းခန့်နိုင်၊ ဒုတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်၊ ကိုသီဟအောင် တို့နဲ့အတူ အသက် ၁၂ နှစ်အရွယ် မောင်သက်ပိုင်စိုး တို့ ၄ ဦး ဖမ်းဆီးခံလိုက်ရတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၁၃ ယောက်အထိ အဖမ်းခံထားရပြီး အဲဒီထဲမှာ လက်နက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု စတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခံထားရသူ ၅ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။